ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ပီကာဆိုပန်းချီကား လေလံတင်ခါနီးမှ အလွဲတွေဖြစ်ခဲ့ရ

ပန်းချီဆရာကြီး ပီကာဆိုရေးဆွဲခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း (၇၀)တန်ဖိုးရှိ ပန်းချီကားတစ်ချပ်ဟာ နယူးယောက်မြို့မှာ လေလံတင်ခါနီးကျမှ ပျက်စီးမှုတွေဖြစ်ခဲ့ရလို့ လေလံတင်ပွဲကနေ ရုတ်သိမ်းခဲ့ရပါတယ်။ The Marin သို့မဟုတ် The Sailor လို့အမည်ရတဲ့ ပန်းချီကားကြီးဟာ (၁၉၄၃)ခုနှစ်က နာမည်ကျော်လက်ရာတစ်ခုဖြစ်ပြီး ဒီတစ်ပတ်ထဲမှာ ပြုလုပ်မယ့် လေလံတင်ပွဲမှာ ရောင်းချဖို့ ပြင်ဆင်ရင်း ပြီးခဲ့တဲ့ သောကြာနေ့က ပျက်စီးမှုတွေဖြစ်ခဲ့တယ်ဆိုပါတယ်။

AFP

လေလံအဖွဲ့ကတော့ ပန်းချီကားမှာ ဘယ်လောက်အတိုင်းအတာအထိ ဘယ်လိုပျက်စီးမှုတွေဖြစ်ခဲ့လဲဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။ ပန်းချီကားကြီးဟာ လေလံတင်မယ့်သူ ခရစ္စတီရဲ့ မော်ဒန်ပန်းချီကားတွေထဲက နာမည်အကြီးဆုံးတစ်ခုဖြစ်ပြီး ပိုင်ရှင်ဟောင်းကတော့ စတိဗ်ဝင်းဆိုသူ ဖြစ်ပါတယ်။ ဒါဟာ စတိဗ်ပိုင်ဖူးတဲ့ ပီကာဆိုပန်းချီကားတွေထဲမှာ ပထမဆုံး ပျက်စီးမှုမဟုတ်ပါဘူး။ ဘီလျံနာကြီးဟာ (၂၀၀၆)ခုနှစ်တုန်းက ပီကာဆိုရဲ့ (၁၉၃၂)ခုနှစ်လက်ရာ Le Reve ကိုလည်း ဧည့်သည်တွေကိုပြရင်း တံတောင်နဲ့ထောက်မိကာ ထိခိုက်စေခဲ့ပါသေးတယ်။

၎င်း Le Reve ပန်းချီကားကတော့ ပြန်လည်ပြုပြင်ပြီးနောက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၅၅)သန်းနဲ့ ရောင်းထွက်ခဲ့ပါတယ်။ ခရစ္စတီလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ပီကာဆိုရဲ့ (၁၉၀၅)ခုနှစ်လက်ရာ Young Girl With A Flower Basket ကို ကန်ဒေါ်လာ (၁၁၅)သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

READ
လက်မထပ်ခင်အိမ်ထောင်ဖက်နဲ့တရင်းတနှီးနေတဲ့အမျိုးသမီးကိုကြိမ်ဒဏ်ပေးခဲ့တဲ့အင်ဒိုနီးရှား
AFP

ပီကာဆိုရဲ့ နာမည်အရင်းဟာ ပါဘလိုပီကာဆိုဖြစ်ပြီး (၁၉၀၀)ခုနှစ်များအတွင်း နာမည်ကြီးခဲ့တဲ့ စပိန်လူမျိုး ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ သူဟာ ပန်းချီဆွဲတာအပြင် ပန်းပုထုခြင်း၊ ကဗျာစပ်ခြင်း၊ ပြဇာတ်ရေးခြင်းတို့လည်းလုပ်ပြီး ပြင်သစ်နိုင်ငံမှာ နေထိုင်ခဲ့ပါတယ်။ (၂၀)ရာစုခေတ်ရဲ့ အလွှမ်းမိုးနိုင်ခဲ့ဆုံး အနုပညာရှင်ကြီးများထဲမှ တစ်ဦးဖြစ်တဲ့ ပီကာဆိုရဲ့ ပန်းချီကားတွေဟာ အခုဆိုရင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိနေတာလည်းဖြစ်ပါတယ်။

White (Shwemom)

Ref: Metro

SHARE