
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်သူ Pierce Brosnan ကိုတော့ James Bond ပရိသတ်တိုင်း သိရှိကြမှာပါ။ James Bond ဇာတ်ကားတွေဟာ Brosnan ကြောင့် တစ်ကျော့ပြန်လည် အောင်မြင်လာခဲ့သလို James Bond ပရိသတ်အများစုရဲ့ ဒုတိယအကောင်းဆုံး James Bond မင်းသားအဖြစ် သတ်မှတ်ခံထားရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း Brosnan ဟာ မကြာသေးခင်အချိန်က ကွယ်လွန်သွားခဲ့တဲ့ ပထမဦးဆုံး James Bond မင်းသားကြီး Sean Connery ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းစကားဆိုခဲ့ပြီး သူ့ရဲ့ Instagram မှာ Sean Connery နဲ့ ပတ်သတ်ပြီး ပို့စ်တင်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
James Bond မင်းသားတွေ အများကြီးရှိပေမယ့် လူတော်တော်များများ ကြိုက်ခဲ့ကြတာကတော့ ပထမဦးဆုံး James Bond မင်းသားကြီး Sean Connery ပါပဲ။ Dr. No, From Russia with Love, Diamonds Are Forever, Never Say Never Again အစရှိတဲ့ James ဇာတ်ကားတွေကတော့ Sean တစ်ယောက် တော်တော်လေးကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတွေဆိုလည်း မမှားပါဘူး။ အခုလည်း ပြီးခဲ့တဲ့ စနေန့(၃၁.၁၀.၂၀၂၀) တုန်းက Sean ဟာ သူ့ရဲ့ နေအိမ်မှာပဲ အိပ်စက်နေရင်းနဲ့ သေဆုံးသွားခဲ့တာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။
“Sean ဟာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးမင်းသားကြီးတစ်ယောက်ပါ။ James Bond နေရာမှာ သရုပ်ဆောင်ဖို့ လုပ်နေတဲ့အချိန် ကျွန်တော် Sean ဆီက အများကြီး သင်ယူခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မြင်ဆရာလို့လဲ သတ်မှတ်လို့ ရပါတယ်။ သူ့သေဆုံးမှုအတွက် တော်တော်လေး ယူကြုံးမရဖြစ်သလို Hollywood ရုပ်ရှင်လောကအတွက်လည်း အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ Sean ဟာ ကျွန်တော့်အတွက် ထာဝရ James Bond ပါ ”လို့ Brosnan က ၀မ်းနည်းစကား ဆိုခဲ့ပါတယ်။
Pyi Hein Kyaw