လေယာဉ်မောင်းခန်း ပြတင်းပြုတ်ထွက်သွားလို့ အသက်အန္တရာယ်ကြုံခဲ့ရတဲ့ပိုင်းလော့

ပျံသန်းလျက်ရှိခဲ့တဲ့ လေယာဉ်တစ်စီးမှာ လေယာဉ်မောင်းခန်းက ပြတင်းမှန်ပြုတ်ထွက်သွားခဲ့လို့ တရုတ်လက်ထောက်လေယာဉ်မှူးတစ်ဦး ပေ (၃၂,၀၀၀) အမြင့်ကနေ ထွက်ကျတော့မယ့်အဖြစ် ဖြစ်ပွားခဲ့ရပါတယ်။ ခရီးသည်ပေါင်း (၁၁၉)ဦးကို သယ်ဆောင်လာခဲ့တဲ့ စီချွမ်လေကြောင်းလိုင်းက လေယာဉ်ဖြစ်ပြီး လေယာဉ်ခေါင်းခန်းမှန်ပြုတ်ထွက်သွားခဲ့ချိန်မှာ (၂၇)နှစ်အရွယ် လက်ထောက်လေယာဉ်မှူးက ခါးပတ်တော့ ပတ်ထားခဲ့ပါတယ်။

Chengdu Business Daily

တနင်္လာနေ့မနက်က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ပြတင်းပြုတ်ထွက်သွားခဲ့ပြီးနောက် ပေ(၃)သောင်းကျော်အမြင့်မှာ ရှိနေခဲ့တာကြောင့် လေယာဉ်မောင်းခန်းအတွင်း (-၄၀) ဒီဂရီစင်တီဂရိတ်အထိ ဖြစ်သွားခဲ့ပါတယ်။ လက်ထောက်လေယာဉ်မှူးဟာ ခါးပတ်က ထိန်းထားခဲ့တာကြောင့် လေယာဉ်ပေါ်က ထွက်ကျဖို့ကနေ လွတ်မြောက်ခဲ့ပေမယ့် ရင်ဘတ်နဲ့ မျက်နှာတို့မှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ကပ္ပတိန်လေယာဉ်မှူးကတော့ လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပြီး ဆင်းသက်မှု အောင်မြင်ခဲ့ပါတယ်။

Chengdu Business Daily

စီချွမ်လေကြောင်းလိုင်းရဲ့ 3U8633 လေယာဉ်ဟာ Chongqing ကနေ Lhasa ကို (၃)နာရီကြာ ပျံသန်းမှုခရီးစဉ် ပြေးဆွဲနေခဲ့တာဖြစ်ပြီး ပျံသန်းထွက်ခွာပြီးနောက် (၁)နာရီအကြာမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကပ္ပတိန်က သူဟာ လေယာဉ်မောင်းလုပ်သက် (၂၅)နှစ်ရှိပြီး ယခုလမ်းကြောင်းကိုလည်း အကြိမ် (၁၀၀)လောက် ပြေးဆွဲဖူးပေမယ့် ယခုလို တစ်ခါမှမဖြစ်ဘူးကြောင်း ဆိုပါတယ်။ “ပြတင်းပြုတ်ထွက်သွားပြီးနောက် မောင်းခန်းမှာ လေဖိအားတွေ လျော့သွားပြီး အကုန်လေထဲမှာ လွင့်တက်ကုန်ပါတယ်။ ရေဒီယိုကိုလည်း မကြားရတော့ဘဲ အပူချိန်လည်း (-၄၀) အထိ ကျသွားပါတယ်” လို့ သူ့အတွေ့အကြုံကို ပြောခဲ့ပါတယ်။

READ
ခေါင်းစားရတဲ့ ကွန်ပျူတာသမားတွေအတွက် မိန်းမလှလေးတွေ ငှားပေးတဲ့နည်းပညာကုမ္ပဏီများ
Chengdu Business Daily

ခရီးသည်တွေမှာတော့ ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်းမရှိပေမယ့် (၂၇)ဦးကိုတော့ ဆေးရုံခေတ္တပို့ပေးခဲ့ရပါတယ်။ အရေးပေါ်ဆင်းသက်ခဲ့တဲ့ လေဆိပ်ကနေ Lhasa မြို့ကို ဆက်သွားဖို့တော့ ခရီးသည်အများစုက လေယာဉ်ပြောင်းစီးခဲ့ရပြီး လေကြောင်းလိုင်းကလည်း အဆင်မပြေမှုတွေအတွက် တောင်းပန်ခဲ့ပါတယ်။

White (Shwemom)

Ref: Dailymail

SHARE