အင်ဒိုနီးရှားနိုင်ငံဟာ ကိုမိုဒိုကျွန်းကို ယခုနှစ် ဇန်န၀ါရီလကနေ နောက်နှစ်အထိ ပိတ်ပင်ထားမယ်လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ ကိုမိုဒိုနဂါးတွေလို့ ခေါ်ကြတဲ့ ကမ္ဘာ့အကြီးဆုံးဖွတ်မျိုးစိတ်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်။ အောက်ဘက်မှာလည်း မကြာသေးခင်ကမှ ကမ္ဘာလှည့်ခရီးသည်တွေ အလာများလွန်းတဲ့အတွက် ပိတ်ပစ်ခဲ့ရတဲ့ အထင်ကရနေရာတွေကို asiaone ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။
BORACAY ISLAND, THE PHILIPPINES

Boracay ကျွန်းကိုတော့ (၂၀၁၈) ခုနှစ်မှာ ဧပြီလကနေ အောက်တိုဘာအထိ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ မနှစ်တုန်းကလည်း ကျွန်းကိုအလည်လာသူဦးရေ (၂) သန်းထိရှိခဲ့ပါတယ်။ ဒါပေမယ့် ယနေ့အချိန်မှာတော့ တစ်နေ့ကို ခရီးသည်ဦးရေ (၁၉,၀၀၀) သာခွင့်ပြုထားပြီး ကမ်းခြေမှာ ပါတီပေးတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေ တားမြစ်ထားကြောင်း သိရပါတယ်။
THE FAROE ISLANDS, DENMARK

ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကမ္ဘာလှည့်ခရီးသည်ဦးရေ (၁၀) ရာခိုင်နှုန်း တက်လာပြီးတဲ့နောက် Faroe ကျွန်းတွေဆီက ထင်ရှားတဲ့နေရာ (၁၀) နေရာလောက်ကို ယာယီပိတ်ထားရကာ အပြည်ပြည်ဆိုင်ရာ လုပ်အားပေးအဖွဲ့တွေက ပါဝင်ကူညီမှာ ဖြစ်ကြောင်း သိရပါတယ်။
MOUNT EVEREST BASE CAMP

တရုတ်အစိုးရဟာ သူ့နိုင်ငံဘက်အခြမ်းက ဧ၀ရတ်တောင်ခြေစခန်းကို ပိတ်ထားခဲ့တာပါ။ အကြောင်းရင်းကတော့ တောင်တက်သမားတွေက စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေကြောင့် ဖြစ်ပါတယ်။ ၄င်းတောင်ခြေစခန်းဟာ တိဘက်မှာရှိပြီး ကားနဲ့လည်း သွားရောက်နိုင်ပါတယ်။
MAYA BAY, THAILAND

လီယိုနာဒိုဒီကာပရီယို ပါဝင်သရုပ်ဆောင်ထားတဲ့ (၂၀၀၀) ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားအပြီးမှာ MAYA BAY ဟာ အလျင်အမြန်ကျော်ကြားလာခဲ့တာပါ။ ဒါပေမယ့် ခရီးသည်တွေ မတရားများလာတာကြောင့် အပူချိန်ပိုလာပြီး ရေအောက်သန္တာတွေ ပျက်စီးမှုရှိလာတဲ့အတွက် ပြန်လည်ပြုပြင်ရအောင် (၂၀၂၁) ခုနှစ်ထိ ပိတ်ထားမယ်လို့ သိရပါတယ်။
FJADRARGLJUFUR CANYON, ICELAND

ကမ္ဘာလှည့်ခရီးသည်တွေအတွက် အထင်ကရနေရာဖြစ်တဲ့ FJADRARGLJUFUR CANYON ကိုတော့ ယခုနှစ်ထဲမှာ (၃) လကြာပိတ်ထားမယ်လို့ သိရပါတယ်။ ၄င်းနေရာဟာ Justin Bieber ရဲ့ I’ll Show You တေးသီချင်းထွက်ရှိအပြီးမှာ ကျော်ကြားလာတာပဲ ဖြစ်ပါတယ်။
လင်းလင်း (ShweMom)