ပလတ်စတစ် အသုံးမပြုရတော့တဲ့နောက် ကြိမ်ဈေးကွက်တွင်ကျယ်လာတဲ့ ထိုင်းနိုင်ငံ

Twitter/ANN

ထိုင်းနိုင်ငံ ဆူရင်းပြည်နယ်က ဘမ်ဘူတွမ်ရွာကလေးမှာ ရွာသားအများစုက ကြိမ်ထိုးပြီး အသက်မွေးကြပါတယ်။ မကြာသေးခင်ကတော့ ထိုင်းနိုင်ငံတစ်ဝှမ်းက ဈေးဆိုင်တွေနဲ့ စူပါမားကတ်ကြီးတွေမှာ ပလတ်စတစ်အသုံးပြုတာကို တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် အခုအခါမှာတော့ ထိုင်းနိုင်ငံသားတွေဟာ  ပလတ်စတစ်အိတ်တွေအစား ကြိမ်ခြင်းတောင်းတွေဆီ ဦးလှည့်လာကြတာ ဖြစ်ပါတယ်။

ဈေးဝယ်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်လို့လည်း လွယ်၊ ပစ္စည်းလည်း ကောင်းကောင်းထည့်လို့ရတဲ့ ကြိမ်ခြင်းတောင်းတွေဟာ အခုဆိုရင် အ၀ယ်အရမ်းလိုက်လာပါတယ်။ ဒါကြောင့် ဘမ်ဘူတွမ်က ရွာသူရွာသားတွေကတော့ တွင်ကျယ်လာတဲ့ ကြိမ်ဈေးကွက်ကို အမှီလိုက်လို့ အလုပ်တွေ သဲသဲမဲမဲ ကြိုးစားနေကြပါတယ်။

Twitter/ANN

ရွာကလေးမှာတော့ ပထမဦးစားပေးအလုပ်အကိုင်က တောင်ယာလုပ်ငန်းဖြစ်ပါတယ်။ ဒုတိယအလုပ်ကတော့ ကြိမ်လုပ်ငန်းဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ကြိမ်တွေက တော်တော်လေးအ၀ယ်လိုက်နေတာကြောင့် ရွာသားအများစုက ကြိမ်ထိုးကြိမ်ယက်တဲ့ လုပ်ငန်းတွေဘက် ပြောင်းလဲလုပ်ကိုင်နေကြပါပြီ။ ရွာခံတွေဟာ ကြိမ်လုပ်ငန်းနဲ့ အသက်မွေးလာတာ နှစ်ပေါင်း (၉၀) လောက် ရှိနေပါပြီ။ ကြိမ်ထွက်ပစ္စည်းတွေကို တာရှည်ခံ ဓာတုပစ္စည်းတွေ လုံးဝမသုံးထားတဲ့ အော်ဂဲနစ်ပစ္စည်း စစ်စစ်တွေနဲ့ ထုတ်လုပ်နေတာဖြစ်ပါတယ်။

READ
ကားတိုက်သေသွားတဲ့အဖော်ကိုစောင့်ကြပ်ပေးနေခဲ့တဲ့ခွေး(၄)ကောင်
Twitter/ANN

ရွာလေးဆီကို ကြိမ်လုပ်ငန်းရောက်လာပုံကတော့ ဒီလိုပါ။ (၁၉၃၀) ခုနှစ်မှာ ရွာသားတစ်ယောက်ဟာ ထောင်ကနေ လွတ်လာပါတယ်။ သူက ထောင်ထဲမှာနေတုန်း ကြိမ်ထိုးတာကို သင်လာခဲ့ပါတယ်။ ထောင်က လွတ်တဲ့အခါမှာတော့ ကြိမ်ထိုးတဲ့အလုပ်နဲ့ပဲ အသက်မွေးပြီး တခြားရွာသားတွေကိုလည်း သင်ကြားပေးခဲ့ရာကနေ နှစ်ပေါင်းများစွာကြာတဲ့အခါ ကြိမ်လုပ်ငန်းဟာ ဘမ်တူတွမ်မှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘမ်တူဘွမ်ဟာ ကြိမ်တွေကို ပုံစံအမျိုးမျိုးနဲ့ ခေတ်နဲ့ညီအောင် ယက်လုပ်ရောင်းချနေကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE