ပလတ်စတစ်ကို အစားအသောက်အစစ်လို့ ထင်ပြီး ခိုးဖို့ ကြိုးစားခဲ့တဲ့ ဂျပန်အမျိုးသား

instagram/nortebell

ဂျပန်နိုင်ငံ Saga City မှာ ဇန်နဝါရီလ၆ရက်နေ့ ညနေ ၃နာရီခွဲအချိန်တုန်းက အသက်၆၂နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဗိုက်ဆာလွန်းတဲ့အတွက် စားသောက်ဆိုင်ရှေ့မှာပြထားတဲ့ ပလတ်စတစ်အစားအသောက်တွေကို တကယ့်အစားအသောက်အစစ်တွေလို့ ထင်ခဲ့မိပါတယ်။ ဒါနဲ့ သူဟာ မှန်ခန်းထဲမှာပြထားတဲ့ အစားအသောက်တွေကို ခိုးယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုင်ထဲဝင်ခဲ့ပါတယ်။

ဂျပန်စားသောက်ဆိုင်တွေမှာတော့ ပလတ်စတစ်အစားအသောက်နမူနာတွေကို ပြသထားလေ့ရှိပါတယ်။ စားသုံးသူတွေအနေနဲ့ ကိုယ်မှာတဲ့ဟင်းလျာမီနူးမှာ ဘာတွေပါမလဲဆိုတာ သိနိုင်သလို ဂျပန်စကားမတတ်သူတွေအတွက်လည်း ကိုယ်စားချင်တာကို လက်ညှိုးထိုးလိုက်ရုံနဲ့ အဆင်ပြေစေမှာဖြစ်ပါတယ်။ နမူနာပြထားတဲ့အစားအသောက်တွေကလည်း အစစ်နဲ့မခြားတူလွန်းသလို များသောအားဖြင့် ဆိုင်မျက်နှာစာမှာ သေချာခင်းကျင်းပြသထားလေ့ရှိပါတယ်။ ဂျပန်မှာတော့ ပလတ်စတစ်အစားအသောက်နမူနာယှဉ်ပြိုင်ပွဲတွေလည်း နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

စားသောက်ဆိုင်ထဲဝင်ပြီးတဲ့အခါမှာတော့ အဆိုပါအမျိုးသားဟာ နမူနာပြထားတဲ့ အစားအသောက်တွေခိုးဖို့ကို မေ့သွားပြီး ၄င်းအာရုံက ငွေသိမ်းကောင်တာအံဆွဲဆီရောက်သွားခဲ့ပါတယ်။ ကောင်တာအံဆွဲက ပွင့်နေတဲ့အတွက် ပိုက်ဆံခိုးဖို့ကို စိတ်ကူးပြောင်းသွားခဲ့တာပါ။ ဒါပေမဲ့လည်း ထိုသူ့ကို ဆိုင်မန်နေဂျာက လက်ရဖမ်းဆီးမိခဲ့ပါတယ်။ ရဲတွေမေးမြန်းတဲ့အခါမှာတော့ ထိုသူက ခိုးမှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပိုက်ဆံလည်းမရှိ၊ အလုပ်လက်မဲ့တစ်ဦးသာဖြစ်ကြောင်း ပြောပြခဲ့တယ်လို့ soranews24 အရ သိရပါတယ်။

ShweMom

SHARE