ကုသမှုပေးနေစဉ် ဆဲရေးတိုင်းထွာတဲ့ လူနာကို ဖုန်းနဲ့ထုခဲ့တဲ့ ဆရာဝန်

Twitter / Express

ရုရှားနိုင်ငံက အလှပြင်ဆေးခန်းတစ်ခုမှာ လူနာနဲ့ ဆရာဝန်တို့ အချင်းများ ခိုက်ရန်ဖြစ်ပွားခဲ့ရာ၊ နှစ်ဘက်အပြန်အလှန် အပြစ်ဖို့ရင်း သူမှားတယ်၊ ငါမှန်တယ် အငြင်းပွားနေကြပါတယ်။ လူနာအမည်ကတော့ Valentina Sidorova လို့ သိရပြီး၊ သူမဟာ ပလက်စတစ်ဆာဂျရီဆရာဝန် Olesya Sokolan ရဲ့ ကုသမှုကို ခံယူခဲ့တာပါ။

Express

နှုတ်ခမ်းအတွင်းကို Filler ထိုးသွင်းနေချိန်မှာ လူနာ Valentina က ဆရာဝန် Sokolan ကို ဆဲရေးတိုင်းထွာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား အချင်းများရန်ဖြစ်ခဲ့ကြပြီး၊ ဒေါက်တာ Sokolan က ဘေးမှာချထားတဲ့ Valentina ရဲ့ဖုန်းနဲ့ သူမကို ပြန်ထုခဲ့တာဖြစ်ပါတယ်။ ဒီအတွက် Valentina မျက်နှာမှာ သွေးထွက်ဒဏ်ရာ ရခဲ့ပါတယ်။

သူတို့နှစ်ယောက် အချင်းများခဲ့ရတဲ့ အကြောင်းကတော့ နှုတ်ခမ်းတွင်းကို ထိုးသွင်းတဲ့ Filler နဲ့ပတ်သက်ပြီး အချင်းများခဲ့ကြတာဖြစ်ပြီး၊ ဒေါက်တာ Sokolan က နာမည်မကြီးတဲ့ Filler ကို အသုံးပြုဖို့ ကြိုးစားခဲ့တယ်လို့ Valentina က ပြောပါတယ်။ ဒါပေမယ့် ဒေါက်တာ Sokolan ကတော့ ဒီကိစ္စကို မှတ်ချက်မပေးလိုဘူးလို့ ကနဦး ပြောခဲ့ပါသေးတယ်။

 ဒါပေမယ့် ဒေါက်တာ Sokolan က နောက်ပိုင်းမှာ ဖြေရှင်းချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ Valentina က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ သူမဟာ ရိုင်းစိုင်းစွာဆဲဆိုပြီး၊ သူမကို ထိုးကြိတ် ကန်ကျောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အစက ပြန်ပြင်တဲ့ကုသမှုမျိုးကို အလကားလုပ်ပေးဖို့ စိတ်ကူးခဲ့သော်လည်း၊ လူနာက အမျိုးမျိုးပြစ်တင်ခဲ့ ချေးများခဲ့ပါသတဲ့။

အဲဒီနောက် အမျိုးမျိုး ဆဲဆိုပြီးမှ သူမကို တွန်းပစ်ခဲ့ကြောင်း၊ အသက်(၃၄)နှစ်အရွယ် ဒေါက်တာ Sokolan မှာ ကိုယ်ဝန်ဆောင်စဖြစ်ပြီး။ လူနာက တွန်းလှဲတဲ့ဒဏ်ရာကြောင့် ဝမ်းဗိုက်အောင့်နေတယ်လို့လည်း ဆိုပါတယ်။ Valentina ကတော့ အသက်(၂၀)ဝန်းကျင်ဖြစ်ပြီး၊ သူမဟာ သွေးထွက်ဒဏ်ရာနဲ့ Live ထုတ်လွှင့်ခဲ့လို့ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပါသေးတယ်။

သူမဟာ နှာခေါင်းရိုးကျိုးခြင်း၊ ဦးခေါင်းပေါက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်ခြင်းတွေကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ ဒေါက်တာ Sokolan ဟာ (၂၀၀၉)ခုနှစ်မှာ First Moscow State Medical University ကနေ ဒေါက်တာဘွဲ့ရယူနိုင်ခဲ့သူဖြစ်ပြီး၊ အများအားကျ လေးစားရတဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လို့ သိရပါတယ်။ ရဲကတော့ ဒီဖြစ်စဉ်ကို စုံစမ်းနေဆဲပါ။

လင်းဇော်ကို

SHARE