
လူတော်တော်များများ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ လောကမှာ ဘယ်အရာမှ အလကားမရဘူးဆိုတာပါပဲ။ အမှန်တော့ အလကားမရဘူးဆိုတာဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခု၊ ကိုယ်ပေးချင်တဲ့ အရာတစ်ခုကို အဲဒီလူက တန်ဖိုးတစ်ခုခု သတ်မှတ်ထားလို့ ပြောလာတဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။ လောကမှာ ကိုယ်ဖက်ကသာ အယူမရှိပဲ အပေးချည်းပဲ ပေးချင်နေတဲ့ လူမျိုးတွေလည်း ရှိပါတယ်။ အခုပြောပြချင်တဲ့ ရေပိုက်ပြင်သမားကြီး တစ်ယောက်လိုပေါ့။ ဘာကြောင့်လဲဆိုတော့ အဆိုပါ ရေပိုက်ပြင်သမားကြီးဟာ သက်ကြီးရွယ်အိုတွေရဲ့ အိမ်က ရေပိုက်ပျက်နေတာတွေ၊ အပူပေးစက်ပျက်နေတာတွေကို အခမဲ့ လိုက်လံပြုပြင်ပြီး အကူအညီပေးနေလို့ပဲ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသားကြီးကတော့ အင်္ဂလန်နိုင်ငံ၊ Burnley မြို့ရှိ အသက် ၅၃ နှစ်အရွယ် ရေပိုက်ပြင်သမားကြီး James Anderson ပဲ ဖြစ်ပါတယ်။ James ဟာ ရေပိုက်ပြင်သမားတစ်ယောက်အဖြစ် အသက် မွေးဝမ်းကျောင်းပြုနေတာ ၂၁ နှစ်ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုလို COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့ အချိန်မှာ James ဟာ သူတတ်ထားတဲ့ ပညာနဲ့ အကူအညီလိုအပ်နေတဲ့ သက်ကြီးရွယ်အိုမိသားစုတွေရဲ့ နေအိမ်ကို ကိုယ်တိုင်သွားရောက်ကာ ရေပိုက်ပြုပြင်ပေးတာတို့၊ အပူပေးစနစ် ပျက်နေတာတွေကို ပြင်ပေးတာတို့ကို အခကြေးငွေ မယူပဲ လုပ်ဆောင်ပေးနေကြောင်း သိရှိရပါတယ်။ အခုအချိန်အထိဆိုရင် James ကူညီခဲ့တာ မိသားစုပေါင်း ၂,၀၀၀ ကျော် ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။
အမှန်တစ်ကယ်တော့ James ဟာ ၂၀၁၇ ခုနှစ်ကတည်းက DEPHER(Disabled and Elderly Plumbing and Heating Emergency Response)လို့ အမည်ရတဲ့ Non-profit အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အသက်ကြီးရွယ်အိုတွေရဲ့ အိမ်တွေကို အခမဲ့ ဝန်ဆောင်မှုပေးပြီး လုပ်ကိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ “ဒီလို COVID 19 ကာလမှာတော့ ကျွန်တော့်အလုပ်ကို ပိုပြီးတေယ့ အားစိုက်လုပ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဘယ်သူမှ အပြင်ထွက်ချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အထူးသဖြင့် အသက်ကြီးရွယ်အိုတွေရှိတဲ့ မိသားစုတွေရဲ့ ပြသနာတွေကို အတက်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းပေးနေပါတယ်။ အခကြေးငွေလည်း လုံးဝမယူပါဘူး”လို့ James က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့ James ဟာ ဒီလိုမျိုး လူတွေကို အကူအညီပိုပေးနိုင်ဖို့အတွက် GoFundMe ပေ့ခ်ျထောင်ပြီး အလှူငွေတွေကောက်ခံနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw