လာမယ့် အနှစ်(၈၀)လောက်မှာ ပိုလာဝက်ဝံတွေ ကမ္ဘာပေါ်ကနေ အပြီး ပျောက်ကွယ်သွားနိုင်

Wikimedia Commons

အာတိတ်စက်ဝန်းမှာရှိတဲ့ ရေခဲပြင်ကြီးတွေဟာ အလွန်ကို ထုထည်ကြီးမားလှပြီး၊ ဘယ်လိုမှ မပြိုပျက်နိုင်ဘူးလို့ တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လလောက်ကပဲ ဝင်ရိုးစွန်းဒေသတွေမှာ တစ်ခါမှ မမြင်ဘူး မကြားဘူးခဲ့တဲ့ စံချိန်တင်အပူချိန်တွေ မြင့်တက်မှုတွေ ဆက်တိုက် ကြားသိခဲ့ရပါတယ်။

ပညာရှင်တွေကတော့ အာတိတ်စက်ဝန်းက ရေခဲထုရဲ့အရည်ပျော်မှုကို နှစ်ပေါင်းများစွာ လက်ဆင့်ကမ်း စောင့်ကြည့်လာခဲ့ကြတာပါ။ ဆိုရရင် (၁၉၇၀)နှစ်များဆီကတည်းက အာတိတ်ရေခဲပြင်ရဲ့ အရည်ပျော်မှုပမာဏဟာ ဆယ်စုနှစ်တစ်ခုတိုင်းမှာ (၁၃)%ဝန်းကျင်အထိ ရှိခဲ့ပါတယ်။

ဒီအတိုင်းသာ ဆက်ဖြစ်နေရင် လာမယ့်အနှစ်(၈၀)လောက်ဆို ပိုလာဝက်ဝံတွေဟာ ကမ္ဘာကနေ အပြီးအတိုင် ပျောက်ကွယ်သွားဖို့ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ ပိုလာဝက်ဝံတွေဟာ ရေခဲပြင်တွေပေါ်မှာ နေဆာလှုံတဲ့ ပင်လယ်ဖျံတွေကို အမဲလိုက်ရင် အသက်ရှင်ဖို့ မီခိုနေရပါတယ်။

ရေခဲပြင်တွေ ပါးရှားသွားခြင်းဟာ သူတို့တစ်တွေအတွက် အသက်မွေးဝမ်းကြောင်းကို တိုက်ရိုက်ထိခိုက်စေနိုင်မှာဖြစ်ပြီး၊ အဓိကအားဖြင့်တော့ ပူနွေးလာတဲ့ကမ္ဘာကြီးကြောင့် အရင်ဆုံးပျောက်ကွယ်သွားနိုင်တဲ့ သတ္တဝါတွေဟာ ပိုလာတွေ ဖြစ်နေတာကို ရိပ်မိကြမှာပါ။

ပိုလာဝက်ဝံတွေကို International Union for Conservation of Nature (IUCN) က ရှားပါးပျောက်ကွယ်လုနီးနေတဲ့ တိရစ္ဆာန်စာရင်းမှာ သွင်းထားပေမယ့် တကယ်ထိရောက်တဲ့ ကယ်တင်မှုမျိုးကိုတော့ မလုပ်ဆောင်နိုင်သေးပါဘူး။ အဓိကအားဖြင့် ဂေဟစနစ်တစ်ခု ပုံမှန်အတိုင်းပြန်ရောက်ဖို့ နှစ်တွေများစွာ အချိန်ယူရမှာဖြစ်သလို၊ တစ်ကမ္ဘာလုံးညီညာမှ အောင်မြင်နိုင်မှာမျိုးပါ။

University of Toronto တက္ကသိုလ်မှ ပါမောက္ခဒေါက်တာ Peter Molnar က “ ကလေးတွေအတွက် ရာသီဥတုသဘာဝဖြစ်စဉ်ပြောင်းလဲရေး အသိပညာပေး ပိုစတာတွေ စိုက်ထူကြပါတော့ … ပိုလာတွေဟာ အခုကမ္ဘာကြီးရဲ့ ထိပ်ဖျားမှာ နေနေကြရပါပြီ … ရေခဲတွေသာ မရှိရင် သူတို့အတွက် နေစရာမရှိတော့ပါဘူး ”လို့ BBC ထံ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE