ကားပါကင်ကြေးအတွက် ငွေမပေးပဲ တိရစ္ဆာန်အစာသာလှူဒါန်းဖို့ တောင်းဆိုခဲ့တဲ့ရဲများ

facebook/Muncie Animal Care & Services

ခွေး၊ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတွေနဲ့ အရင်းနှီးဆုံး နေထိုင်ကြတဲ့ သတ္တ၀ါလေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့လူတွေကတော့ သူတို့လေးတွေကို မွေးမြူဖို့ ကြိုးစားပြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် ဂေဟာမှာ လာစွန့်ပစ်သွားကြပါတယ်။ ဒါကြောင့် သူတို့ခမျာမှာလည်း ကံကောင်းရင်တော့ သူတို့ကို မွေးစားမယ့် သခင်နဲ့တွေ့ပြီး ကံမကောင်းရင်တော့ ဂေဟာမှာပဲ အထီးကျန်စွာ နေရင်း သူတို့ဘ၀လေးတွေကို ကုန်ဆုံးသွားကြရပါတယ်။

facebook/Muncie Animal Care & Services

ဒီလိုသနားစရာကောင်းတဲ့ တိရစ္ဆာန်လေးတွေကို လုံလုံလောက်လောက် ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် ဂေဟာတွေအနေနဲ့ကလည်း ပံ့ပိုးမှုအများကြီးလိုအပ်ပါတယ်။ ဥပမာပြောရရင် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာရှိတဲ့ Muncie Animal Care and Services လို စင်တာမျိုးပါ။ ဒီစင်တာကတော့ အစွန့်ပစ်ခံတိရစ္ဆာန်လေးတွေကို ကျွေးမွေးစောင့်ရှောက်ထားပြီး ခွေးကြောင်မွေးစားချင်သူတွေကို မွေးစားနိုင်အောင် အကူအညီပေးနေတာပါ။

facebook/Muncie Animal Care & Services

အခုဆိုရင်တော့ စင်တာဟာ ဒေသခံရဲတွေနဲ့ ပူးပေါင်းပြီး စင်တာရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းဖို့ ကြိုးစားနေပါတယ်။ အဲဒါကတော့ ရဲတွေဟာ ကားပါကင်လက်မှတ်တွေအတွက် ငွေပေးရမယ့်အစား စင်တာအတွက် လှူဒါန်းပေးဖို့ ပြည်သူတွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကားပိုင်ရှင်တွေဟာ ပါကင်ဖိုးအစား ကြောင်စာ၊ တိရစ္ဆာန်အညစ်အကြေးစွန့်ခွက်၊ တိရစ္ဆာန်အစာ ဆီသွပ်ဘူးတွေ၊ အိပ်ရာ၊ စောင်စသဖြင့် ဂေဟာဆီလှူဒါန်းပေးရမှာ ဖြစ်ပါတယ်။

READ
အတန်းအ၀င် နှုတ်ဆက်တာကအစ ကလေးရွေးချယ်မှုကိုတန်ဖိုးထားတဲ့ မူကြိုဆရာမ
facebook/Muncie Animal Care & Services

တကယ်လို့ ဂေဟာဆီမသွားနိုင်ဘူးဆိုရင်လည်း ရဲတွေကို အကြောင်းကြားလိုက်တာနဲ့ အိမ်တိုင်ယာရောက် ပစ္စည်းလာယူပေးဦးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို အချိန်အတိုင်းအတာအထိ ကန့်သတ်ကာ ရဲတပ်ဖွဲ့က ပူးပေါင်းကူညီသွားမှာ ဖြစ်ပါတယ်။ အကူအညီလိုအပ်နေတဲ့ တိရစ္ဆာန်လေးတွေနဲ့ ဂေဟာအတွက်တော့ ခုအစီအစဉ်လေးဟာ အကျိုးကျေးဇူးအများကြီးပေးနိုင်တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာတော့ ချီးမွမ်းသံတွေ ညံလျက်ရှိတယ်လို့ Boredpanda သတင်းအရ သိရပါတယ်။

 

facebook/Muncie Animal Care & Services

လင်းလင်း (ShweMom)

SHARE