ယာဉ်အန္တရာယ်ကင်းစေဖို့ လမ်းပေါ်က ကျောက်ခဲတွေကို ရှင်းလင်းနေတဲ့ ရဲသားကြီး

Facebook_RoyalMalaysiaPolice

မလေးရှားနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲသားကြီးတစ်ယောက်ရဲ့ မွန်မြတ်လှတဲ့ လုပ်ရပ်ကတော့ လူမှုကွန်ရက်ပေါ်မှာ ချီးကျူးသံတွေ ညံနေပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဆိုတာ စည်းကမ်းမလိုက်နာတဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူတဲ့ အလုပ်တစ်ခုတည်းသာမက၊ ရှေ့မှာဖြစ်ပေါ်နိုင်တဲ့ ယာဉ်အန္တရာယ်တွေကိုလည်း တက်နိုင်သမျှ တားဆီးရ၊ ကာကွယ်ရပါတယ်။

အခု ရဲသားကြီးရဲ့လုပ်ရပ်ကို Polis Diraja Malaysia (Royal Malaysia Police) ရဲ့ တရားဝင် Facebook ကနေ ချီးကျူးဂုဏ်ပြုထားပါတယ်။ ရဲသားကြီးဟာ လမ်းပေါ်မှာ ပျံ့ကျဲနေတဲ့ ကျောက်တုံးတွေကို အမြန်ဖယ်ရှားနေတာပါ။ ကျောက်တုံးတွေ၊ ကျောက်ခဲတွေဆိုတာ ကတ္တရာပြောင်ပြောင်မှာ ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေအတွက် အန္တရာယ်များလွန်းပါတယ်။

Facebook/RoyalMalaysiaPolice

တော်ဝင်မလေးရှားရဲတပ်ဖွဲ့ရဲ့ Facebook မှာ “ ဒီနေ့အတွက် အကောင်းဆုံးဓာတ်ပုံ ”ဆိုပြီး အမွှမ်းတင်ကာ “ ယာဉ်ထိန်းရဲအရာရှိတစ်ယောက်ဟာ လမ်းပေါ်မှာ ပျံ့ကျဲနေတဲ့ ကျောက်တုံးကျောက်ခဲတွေကို ရှင်းနေပါတယ် .. လမ်းအသုံးပြုသူတွေ ဘေးကင်းလုံခြုံစေဖို့ ဖြစ်ပါတယ် … မလိုလားအပ်တဲ့ မတော်တဆမှုတွေ ရှောင်ရှားနိုင်ဖို့ ဒီကျောက်တုံးကျောက်ခဲတွေကို ဦးစားပေးအဖြစ် အမြန်ဖယ်ရှားခဲ့တာပါ ”လို့ ရေးသားထားပါတယ်။

Facebook_RoyalMalaysiaPolice

အဆိုပါ Page မှာ “ ဒီနေ့ ကျွန်တော်တို့ တခြားသူတွေကို အကူအညီပေးခဲ့တယ် … ကျွန်တော်တို့ အကူအညီ လိုလာတဲ့အခါမှာလည်း ကူညီပေးမယ့်လက်တွေ ရှိလာပါလိမ့်မယ် … တစ်ယောက်ကိုတစ်ယောက် ကူညီရတာ ကြီးမြတ်တဲ့ ဆုလာဘ်တစ်ခုပါ”လို့ ထပ်လောင်း ဖော်ပြထားပါသေးတယ်။

PIC OF THE DAY: ANGGOTA TRAFIK BERSIHKAN SISA TANAH BERTABURAN DI ATAS JALAN RAYADemi memastikan keselamatan pengguna…

Posted by Polis Diraja Malaysia ( Royal Malaysia Police ) on Wednesday, August 5, 2020

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ အလုပ်ဝတ္တရားတွေထဲမှာ လမ်းပေါ်မှာ ပျံ့ကျဲ့နေတဲ့ အမှိုက်သရိုက်တွေ၊ ကျောက်တုံးကျောက်ခဲတွေကို ဖယ်ရှားရမယ်လို့ မဖော်ပြထားသော်လည်း၊ တစ်ခါတလေမှာ စာအုပ်ကြီးမဆန်ဘဲ၊ လူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ဦးစားပေးပြီး သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရတာမျိုး ရှိပါတယ်။

လင်းသူရိန်

SHARE