မီယာမီမြို့နဲ့ ကာရစ်ဘီယန်တစ်ကြောကို ကိုင်လှုပ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီး

twitter/franciscosanchez6749

ဇန်န၀ါရီ (၂၈) ရက် အင်္ဂါနေ့တုန်းက ကာရစ်ဘီယန်ဒေသ အနောက်ပိုင်းမှာ အင်အား (၇.၇) မဂ္ဂနီကျုဒ်ရှိတဲ့ ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားကြောင်း asiaone သတင်းအရ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် ကေးမန်းကျွန်းစုများတစ်လျှောက်၊ ဂျမေကာနိုင်ငံနဲ့ အမေရိကန် ဖလော်ရီဒါပြည်နယ် မီယာမီမြို့ထဲက အဆောက်အဦးတွေပါ လှုပ်ယမ်းတုန်ခါသွားခဲ့ပါတယ်။ ဒါပေမယ့် ပျက်စီးမှုအတိအကျစာရင်းတော့ ထွက်မလာသေးပါဘူး။

ငလျင်ရဲ့ အလယ်ဗဟိုချက်ဟာ ဂျမေကာ၊ ကေးမန်းကျွန်းများနဲ့ ကျူးဘားတို့ကြားက ပင်လယ်တွင်း တစ်နေရာမှာ ဖြစ်ပါတယ်။ နေရာကတော့ ပင်လယ်တွင်း ခပ်တိမ်တိမ် (၁၀) ကီလိုမီတာ အနက်ကနေ ဖြစ်ပွားလာတာပါ။ အပြည်ပြည်ဆိုင်ရာ ဆူနာမီ သတင်းအချက်အလက် စင်တာကတော့ ငလျင်အပြီး ဆူနာမီ အကြီးစားဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်မျိုးတော့ ကျော်လွန်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဆူနာမီကြီး မဖြစ်ပေမယ့် ရေအတက်အကျကတော့ ရှိနေဦးမယ်လို့ သုံးသပ်ထားပါတယ်။

ငလျင်ကြောင့် မီယာမီ၊ ဖလော်ရီဒါ မြို့ထဲက အဆောက်အဦးတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာရှောင်ဖို့ အပြင်ကို ထွက်လာခဲ့ကြပါတယ်။ မီယာမီမြို့ မီးသတ်ဌာနကတော့ သူတို့မှာ ဖုန်းခေါ်ဆိုမှု များစွာလက်ခံရရှိကြောင်းနဲ့ အထူးသဖြင့် ငလျင်ကြောင့် အဆောက်အဦးတွေက ယမ်းနေတဲ့အတွက် အကူအညီတောင်းကြတာဖြစ်ကြောင်း ပြောပြပါတယ်။ “လက်ရှိထိတော့ အဆောက်အဦးပြိုတာ၊ လူ ဒဏ်ရာရတာမျိုး မရှိပါဘူး။ ပြည်သူတွေကိုတော့ စိတ်အေးအေးထားဖို့ ပြောထားပါတယ်…” လို့ မီးသတ်ဌာနက တွစ်တာမှာ ဖော်ပြထားပါတယ်။

READ
ပြင်သစ်ကနေစတင်ခဲ့တဲ့ ဆယ်ကျော်သက်တို့ရဲ့ "Fill The Bottle" Challenge လေး

အောက်ဘက်မှာတော့ ငလျင်လှုပ်ချိန်အတွင်း တွေ့ရတဲ့ ဗီဒီယိုဖိုင်တွေပဲ ဖြစ်ပါတယ်။ ဂျမေကာနိုင်ငံနဲ့ ကေးမန်းကျွန်းတွေမှာ ငလျင်လှုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် ရေကူးကန်ထဲက ရေတွေတောင် အပြင်ဘက်ကို ဖိတ်လျှံကျပြီး ရေတွေ ဘောင်ဘင်ခတ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့နေရာတွေမှာလည်း ငလျင်ကြောင့် မြေပြင်မှာ အခေါင်းပေါက်ကြီးတွေ ပေါ်လာကြတာကိုလည်း တွေ့ရဦးမှာပါ။


လင်းလင်း (ShweMom)

SHARE