ကိုယ်ဝန်ဆောင်ချိန်အတွင်း သင်မသိသေးတဲ့ အံ့သြဖွယ်အချက်အလက်များ

unsplash/Suhyeon Choi

ကိုယ်ဝန်ဆောင်ချိန်မှာ လူ့ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ဟာ သူ ကိုယ်ဝန်စဆောင်တဲ့အချိန် ကလေးရော မိခင်ပါ နောက်ထပ် (၉) လအတွင်း အဆင်ပြေပြေရှိစေဖို့ အပြောင်းအလဲတော်တော်များများကို ပြုလုပ်ရပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မိခင်ဝမ်းထဲက ကလီစာတွေဟာ နေရာရွှေ့ပေးရပါတယ်။ အောက်ဘက်မှာတော့ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ တွေ့ကြုံရတတ်တဲ့ အံ့အားသင့်ဖွယ် အချက်အလက်တွေကို insider သတင်းကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အရှည်ကြာဆုံး ကိုယ်ဝန်ဆောင်ချိန်ဟာ (၃၇၅) ရက်ရှိပါတယ်

ပုံမှန်ဆို အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ချိန်ဟာ ရက်ပေါင်း (၂၈၀) သာရှိပါတယ်။ ဒါပေမယ့် အရှည်ကြာဆုံး ကိုယ်ဝန်ဆောင်ချိန်အဖြစ် မှတ်တမ်းဝင်ဖူးတာကတော့ (၃၇၅) ရက် ဖြစ်ပါတယ်။ (၁၉၄၅) ခုနှစ်က ပန်နီဒိုင်ယာနာဟန်တာဆိုသူ အမျိုးသမီးဟာ ရက်ပေါင်း(၁၀၀) ကျော်လောက် ဒိတ်လွန်ပြီးမှ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် (၁၀)လ၊ (၁၁) လ လောက် ကိုယ်ဝန်ဆောင်ကြရပါတယ်။

အချိန်အတိုဆုံး ကိုယ်ဝန်ဆောင်ချိန်ဟာ (၂၁) ပတ်နဲ့ (၄) ရက် ဖြစ်ပါတယ်

လမရင့်သေးပဲနဲ့ မိခင်ရဲ့ ၀မ်းထဲမှာ ကလေးတစ်ယောက်ဟာ (၂၁) ပတ် (၄) ရက်တာနေပြီး စောမွေးလာခဲ့ဖူးပါတယ်။ ကလေးဟာ ပြီးခဲ့တဲ့နှစ်တုန်းက မူကြိုတက်နေပြီဖြစ်ပြီး စောမွေးတဲ့အတွက် ၄င်းဟာ ကျန်းမာရေးချို့ယွင်းတာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿာနာတွေ ဖြစ်တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။

READ
လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့စုံတွဲတွေဆိုရင် ဒီအချက်တွေပြင်ဆင်ထားသင့်တယ်
unsplash/freestocks.org

သားအိမ်ဟာ တဖြည်းဖြည်းကြီးလာတယ်

ကိုယ်ဝန်မဆောင်ခင်အချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ သားအိမ်ဟာ လိမ္မော်သီးအရွယ်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန် (၇) လသားအရွယ်ရောက်တဲ့အခါမှာတော့ သားအိမ်အရွယ်အစားဟာ ဖရဲသီးအရွယ်အစားလောက် ရှိလာပါတယ်။ ဒါ့အပြင် သားအိမ်ဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မူလရှိရင်းစွဲထက် အဆ (၅၀၀) ပိုကြီးမားကျယ်ပြန့်လာပါသေးတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးသားဟာ ကြီးထွားလာတယ်

ခန္ဓာကိုယ်အနှံ့အပြားကို သွေးတွေ ထုတ်လွှတ်ဖို့အတွက် နှလုံးဟာ အရွယ်အစားကြီးထွားလာရတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အသံပြောင်းလဲနိုင်တယ်

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းဟိုမုန်းအပြောင်းအလဲတွေ အများကြီး ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေထဲက တစ်ခုကတော့ အသံပြောင်းသွားတာပါ။ အိုစထရိုဂျင်နဲ့ ပရိုဂျက်စတရုန်းတွေဟာ အသံကြိုးတွေကို ရောင်ရမ်းစေတာကြောင့် ဖြစ်ပါတယ်။

unsplash/Picsea

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကလေးငိုသံကြားတဲ့အခါ နို့ရည်စတင်ထွက်တတ်ပါတယ်

ငိုတဲ့ ကလေးဟာ ၄င်းကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ကလေးဖြစ်စရာမလိုပါဘူး။ ကလေးငိုသံကြားရုံနဲ့တင် မိခင်လောင်းတွေဟာ သားမြတ်ကနေ အလိုအလျောက် နို့ရည်ထွက်တာ ဖြစ်ပါတယ်။

READ
ခွင့်လွှတ်နားလည်ပေးခြင်းမှရရှိလာမယ့်အကျိုးကျေးဇူး(၅)ခု

ကလေးတွေဟာ သားအိမ်ထဲမှာနေရင်း ငိုနိုင်တယ်

ဒီအချက်ကိုတော့ သိပ္ပံပညာရှင်တွေက ဆေးလိပ်သောက်၊ ကိုကင်းသုံးဖူးတဲ့ ကိုယ်ဝန်ဆောင်တွေကို လေ့လာရင်း တွေ့ရှိခဲ့တာပါ။ ၄င်းကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ပေါ်ကို အသံတစ်ခုခု ဖွင့်ပြလိုက်တဲ့အခါ ဗိုက်ထဲက ကလေးဟာ ရုတ်တရက်လန့်ပြီး ပါးစပ်တွေဟလိုက်တာကို အာထရာဆောင်းထဲ တွေ့မြင်ခဲ့ရပါတယ်။

မိခင်သွေးအုပ်စုဟာလည်း ကလေးအပေါ် သက်ရောက်မှုရှိတယ်

(၂၀၁၀) ခုနှစ် လေ့လာချက်တွေအရ သွေးအုပ်စုအိုရှိတဲ့ အမျိုးသမီးတွေဟာ အခြားသွေးအုပ်စုတွေထက်စာရင် ကိုယ်ဝန်ရနိုင်ခြေလျော့နည်းပါတယ်။ သွေးအုပ်စု အေတွေကတော့ ပိုပြီး သန္ဓေအောင်နှုန်းများပါတယ်။ အထက်ပါ ဖော်ပြချက်တွေကတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်ဝန်ဆောင်အများစု တွေ့ကြုံရတတ်တဲ့ အချက်အလက်လေးတွေပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE