ဒေါသကြောင့် ကလေးတစ်ဦးကို ခလုတ်တိုက်လဲကျအောင် ခြေထိုးခဲ့တဲ့ အမျိုးသမီး

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်မှာ ကလေးငယ်တစ်ဦးဟာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ရဲ့ ခြေထိုးခံမှုကြောင့် လဲကျပြီး ခေါင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ကလေးငယ်ဟာ အသက်(၄)နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ကန်ကန်သတင်းဌာနကတော့ ကလေးငယ်ဟာ စားသောက်ဆိုင်ထဲကို အရှိန်နဲ့ပြေးဝင်အလာမှာ ဆိုင်အ၀င်ဝမှာရှိနေတဲ့ ပလတ်စတစ်လိုက်ကာဟာ ဆိုင်ထဲမှာထိုင်နေတဲ့အမျိုးသမီးတစ်ဦးကို သွားရိုက်မိခဲ့ပါတယ်။

Kan Kan News

ဒါ့ကြောင့် ထိုအမျိုးသမီးဟာစိတ်ဆိုးပြီး ဆိုင်ထဲကနေ တူတစ်စုံကိုင်ပြီးပြေးထွက်လာတဲ့ကလေးကို ခလုတ်တိုက်ပြီးလဲကျသွားအောင် တမင်တကာခြေထိုးခံခဲ့တာဖြစ်ပါတယ်။ သူမနဲ့အမျိုးသားဖြစ်သူတို့ဟာ ကလေးငယ်လဲကျသွားတဲ့အခါမှာလည်း ကူညီထူမပေးတာမျိုးမရှိပဲ သူတို့စားသောက်ပြီးစီးသွားတဲ့အခါမှာ စားသောက်ဆိုင်ထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

Kan Kan News

နောက်ပိုင်း ကလေးကိစ္စနဲ့ပတ်သက်ပြီး ရဲတွေပါ ၀င်စုံစမ်းလာတဲ့အခါမှသာ ကလေးငယ်လေးနဲ့ သူ့မိသားစုကို ထိုအမျိုးသမီးက ပြန်တောင်းပန်ခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်ဟာ ဧပြီလ(၁၉)ရက်နေ့တုန်းက တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ် ပေါင်းကျီမြို့ကစားသောက်ဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Kan Kan News

ကြမ်းပေါ်ခလုတ်တိုက်ပြီး လဲကျသွားတဲ့ကလေးဟာ စားသောက်ဆိုင်ရဲ့ဘေးချင်းကပ်စတိုးဆိုင်က စတိုးဆိုင်ပိုင်ရှင်ရဲ့သားလေးဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ကလေးကို စားသောက်ဆိုင်ဆီကနေ တူတစ်စုံသွားငှားခိုင်းရာကနေ အခုလိုဖြစ်ပွားခဲ့တာပါ။ ကလေးအဖေကတော့ “ကျွန်တော့်ကလေးကြောင့် ပလတ်စတစ်လိုက်ကာက အဲဒီအမျိုးသမီးကို သွားထိခိုက်မိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကလေးကို တမင်တကာကြီး ခြေချော်လဲကျအောင် မလုပ်သင့်ဘူးလေ။ ပြီးတော့သူလဲ မကြာခင် မိခင်ဖြစ်လာတော့မှာပဲ။”

READ
မနိုင်တဲ့အစာကို စားမိပြီး အသက်ရှူကြပ် သေဆုံးရတဲ့ စပါးအုံးမြွေ
Kan Kan News

ကလေးမိခင်ကတော့ စားသောက်ဆိုင်အပေါက်ဝမှာ လဲကျပြီးကတည်းက ကလေးဟာ ခေါင်းမူးနေခဲ့ကြောင်း ပြောပြပါတယ်။ ဒါ့အပြင်ကလေးမှာ နှလုံးရောဂါရှိတယ်လို့လည်း သိရပါတယ်။ ထိုကလေးငယ်လေးရဲ့ မိဘတွေကတော့ ဖြစ်ဖြစ်ချင်းပဲ ကလေးကို ဆေးရုံတင်ခဲ့ကြပြီး ဆေးရုံမှာ နှစ်ရက်တာနေခဲ့ရပါတယ်။ ထိုအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့စီစီတီဗီဟာ ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံအွန်လိုင်းစာမျက်နှာတွေမှာ အတော့်ကိုပြန့်နှံ့သွားခဲ့ပါတယ်။

Kan Kan News

အွန်လိုင်းပေါ်မှာတော့ ငယ်ရွယ်သေးတဲ့ကလေးငယ်လေးကို ခြေထိုးခံခဲ့တဲ့အမျိုးသမီးရဲ့အပြုအမူနဲ့ပတ်သက်ပြီး ထိုအမျိုးသမီးကို စိတ်ဆိုးဒေါသထွက်လျက် ရှိနေကြပါတယ်။ ရဲအဖွဲ့က ခြေရာခံလိုက်ရှာတာကြောင့် ခြေထိုးခဲ့တဲ့ ကိုယ်ဝန်သည်အမျိုးသမီးကို ထုတ်ဖော်နိုင်ခဲ့ပြီး အခုအခါမှာတော့ နှစ်ဖက်လုံး ကျေလည်မှုရရှိပြီးကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE