အချုပ်တံခါးပွင့်တာတောင်ထွက်မပြေးပဲ လေးစားဖွယ်လုပ်ရပ်ကိုပြုလုပ်ခဲ့တဲ့ထောင်သားများ

အကျဉ်းထောင်ဆိုရင် သာမန်အနေနဲ့ လူဆိုးသူခိုးတွေနဲ့ အကျင့်စာရိတ္တချို့ယွင်းပျက်ပြားသူတွေကို ထိန်းသိမ်းထားတဲ့နေရာလို့ နားလည်ထားကြပါတယ်။ ကျဉ်းထဲကြပ်ထဲ ဘယ်သူမှ မနေချင်ကြသလို အကျဉ်းသားအများစုဟာလည်း လွတ်မြောက်ဖို့ နည်းလမ်းကို အမြဲတမ်းရှာကြံနေတတ်ကြတာပါ။ ဒါပေမယ့် အခုဖော်ပြမယ့် ဖြစ်ရပ်မှာတော့ လွတ်မြောက်ဖို့ အခွင့်ကြုံလာပေမယ့် အသုံးမပြုခဲ့ပဲ လူတစ်ယောက်ရဲ့ အသက်ကို လူသားဆန်စွာ ၀ိုင်းဝန်းကယ်တင်ပေးခဲ့တဲ့ ထောင်သားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ လူဆိုးသူခိုးကြီးတွေလို့ အများက သမုတ်ခံထားရတဲ့ ထောင်သားတွေမှာတောင် နူးညံ့တဲ့ စိတ်ကောင်းလေးတစ်ခုရှိနေတာကို ကြည်နူးဖွယ် အခုလိုသိရတာပါ။

ယင်းဖြစ်ရပ်ဟာ အွန်လိုင်းမှာ ပြန့်နှံ့နေခဲ့တာ ဖြစ်ပြီး အွန်လိုင်းဗီဒီယိုပေါ်မှာတော့ အချုပ်ခန်းစောင့်ဝန်ထမ်းတစ်ဦးဟာ သတိမေ့ပြီး လဲကျနေတာကို မြင်ရမှာပါ။ ဒီအခါ အချုပ်ခန်းထဲမှာ ရှိနေတဲ့ အကျဉ်းသားအချို့ဟာ သံတိုင်နားကပ်ပြီး စူးစမ်းတဲ့သဘောနဲ့ ကြည့်လိုက်ပါသေးတယ်။ အစောင့်ဝန်ထမ်းက မလှုပ်မယှက်နဲ့ ဖြစ်နေတဲ့အခါမှာတော့ အကျဉ်းသားတွေဟာ စိတ်ပူသွားကြပြီး အပြင်မှာ ရှိနေတဲ့ အခြားအစောင့်တွေကို အော်ဟစ်ခေါ်နေခဲ့ကြပါတယ်။ ဒါပေမယ့် စက္ကန့်အနည်းငယ်ကြာတဲ့အထိ ဘယ်သူမှ ရောက်မလာတဲ့အတွက် အကျဉ်းသားတွေဟာ အချုပ်ခန်းတံခါးပွင့်အောင် ထုရိုက် တွန်းတိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အချုပ်တံခါးပွင့်သွားပါတယ်။ ဒါပေမယ့် ဘယ်သူမှ ထွက်ပြေးဖို့ မကြိုးစားခဲ့သလို ထောင်သားတွေဟာ လူ့အသက်ကယ်ဖို့အတွက်သာ အကူအညီတွေ အော်ဟစ်တောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

READ
အစီအစဉ်တင်ဆက်နေစဉ် ရင်သားတစ်ဖက်ပေါ်နေတာကို မသိတဲ့အမျိုးသမီး
Credit: YouTube

၎င်းဖြစ်ရပ်ဟာ (၂၀၁၆) ခုနှစ် ဇွန်လ(၂၃) ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ထောင်သားတွေရဲ့ ကျေးဇူးကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့ အကျဉ်းခန်းစောင့်ဝန်ထမ်း ဂယ်ရီဂရင်းမ်က ၄င်းဖြစ်ရပ်ရဲ့ အသေးစိတ်ကို ပြန်လည် ပြောပြခဲ့ပါတယ်။ “ကျွန်တော် နှလုံးရှော့ခ်ရပြီး လဲကျသွားတော့ အကျဉ်းသားတွေက ကျွန်တော်နောက်နေတယ်လို့ပဲ ထင်နေတာ။ အဲဒီမှာ လုံးဝမေ့သွားတာပဲ။ ပြန်သတိရတော့ အရေးပေါ်ခန်းက မျက်နှာကြက်ကို တွေ့ရတယ်။ တကယ်တမ်းဆို ထောင်သားတွေက ကျွန်တော့်ကို ၀င်စီးလို့ရတယ်။”

“ကျွန်တော် ဒီလိုဖြစ်နေတုန်း ကျွန်တော့်သေနတ်ကို ယူပြီး ဓားစာခံလုပ် ခြိမ်းခြောက်တာပဲ ဖြစ်ဖြစ်၊ ကျွန်တော့်ကို သတ်ပြီး ထွက်ပြေးတာပဲဖြစ်ဖြစ် လုပ်လို့ရတယ်လေ။ အချုပ်ခန်းတံခါးကလည်း ပွင့်သွားတာကိုး။ ဒါပေမယ့် သူတို့ ကျွန်တော့်ကို အခွင့်ကောင်းမယူကြဘူး။ ကျွန်တော့်ကို လူသားတစ်ယောက်လို့ပဲ မြင်တယ်။ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားတယ်ဗျာ။ ကျွန်တော့်ကို တကယ်သာ သူတို့ အန္တရာယ်ဖြစ်စေချင်ရင် ကျွန်တော်ဖြစ်နေတာကို ထိုင်ကြည့်နေရုံပဲ…”

READ
ပိုင်ရှင်တွေရဲ့ ရက်စက်စွာ စွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေး
Credit: WFAA-TV

ဒါပေမယ့်လည်း ဂယ်ရီအနေနဲ့ သူ့အသက်ကို ကယ်ပေးခဲ့တဲ့ အကျဉ်းသားတွေကို ကျေးဇူးတင်စကားဆိုဖို့ အခုအချိန်ထိ အခွင့်အရေး မရရှာပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဆေးရုံကဆင်းလို့ နေပြန်ကောင်းသွားတဲ့အချိန်မှာ ၄င်းအကျဉ်းသားတွေကို ထောင်ပြောင်းလိုက်တာကြောင့် ဖြစ်ပါတယ်။ ဂယ်ရီက “ကျွန်တော်က သူတို့ဘာဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ဆေးသုံးတဲ့လူ ဖြစ်ချင်ဖြစ်မယ်၊ သူခိုးဂျပိုးဖြစ်ချင်ဖြစ်မယ်၊ မုဒိမ်းသမားဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် သူတို့က လူသားတွေပဲ၊ သူတို့မှာ လူသားဆန်တဲ့ စိတ်ကလေးတော့ ရှိနေပါသေးတယ်…” လို့ လည်း ပြောပြပါသေးတယ်။ ဂယ်ရီဟာ အခုဆိုရင် အသက်(၅၂) အရွယ်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာကတော့ ထောင်ဝန်ထမ်းအဖြစ်မှ အနားယူလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: vt

SHARE