သစ်တောတွေကို ပြန်လည်ထိန်းသိမ်းဖို့ ဒရုန်းတွေသုံးပြီး သစ်စေ့တွေကြဲတဲ့ နည်းသစ်

National Geographic အရ (၁၉၉၀) ခုနှစ်နဲ့ (၂၀၁၆) ခုနှစ်ကြားမှာ သစ်ပင်တွေ အလွန်အကျွံခုတ်လှဲမှုနဲ့ တောမီးတွေကြောင့် စတုရန်းမိုင် (၅၀၂,၀၀၀)အကျယ်အ၀န်းရှိတဲ့ သစ်တောတွေဟာ ပြုန်းတီးကုန်ပြီဖြစ်ကြောင်း သိရပါတယ်။ သစ်တောပြုန်းတီးမှုဟာ ကမ္ဘာမြေပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ သက်ရှိတွေ အားလုံးအပေါ်ကို သက်ရောက်မှုရှိတာကြောင့် အလျင်အမြန်ကုစားဖို့ လိုအပ်ပါတယ်။

pexels

ကမ္ဘာတစ်ဝှမ်း သစ်တောတွေ ပြုန်းတီးနေတာကို Biocarbon Engineering ကုမ္ပဏီဟာ သူတို့အကူအညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ (၂၀၁၈) စက်တင်ဘာမှာ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းက နေရာတစ်ခုကို ဒရုန်းတွေလွှတ်ပြီး အပင်မျိုးစေ့တွေ ကြဲချခဲ့ပါတယ်။ ကြဲချခဲ့တဲ့ အစေ့တွေဟာ အခုဆိုရင်တော့ လက်မ(၂၀) အရှည်ရှိတဲ့ လမုပင်ပေါက်လေးတွေအဖြစ် ကြီးထွားလာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Biocarbon Engineering အနေနဲ့ ဒီနည်းကို အခြားတစ်နေရာမှ ထပ်မံအသုံးချဖို့အတွက် အဆင့်သင့်ဖြစ်နေပါပြီ။

Biocarbon Engineering ဟာ သြစတေးလျနိုင်ငံထဲမှာရှိတဲ့ စွန့်ပစ်ထားတဲ့ မိုင်းတွင်းတွေမှာလည်း မြက်နဲ့ သစ်ပင်မျိုးစေ့တွေကို ဒရုန်းတွေ လွှတ်ပြီး ကြဲချခဲ့ပါသေးတယ်။ ဒီပရောဂျက်ဟာ (၂၀၁၂) ခုနှစ်ကမှ စတင်ခဲ့တဲ့ ပရောဂျက်ဖြစ်ပြီး အခုဆိုရင် သစ်ပင်ပေါင်း (၆) သန်းကျော် ကမ္ဘာ့နေရာအနှံ့အပြားမှာ စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ခုလို သန်းနဲ့ ချီတဲ့ သစ်စေ့တွေကို လက်နဲ့သာ စိုက်ပျိုးမယ်ဆိုရင် အချိန်အကြာကြီး ပေးရပါလိမ့်မယ်။ ဒါကြောင့် ဒရုန်းတွေနဲ့ စမ်းသပ်စိုက်ပျိုးရာမှာတော့ အောင်မြင်မှုတွေ တွေ့လာရတဲ့အတွက် အနာဂတ်မှာလည်း ဒရုန်းအရေအတွက်ကို ပိုမိုအသုံးပြုပြီး သစ်ပင်တွေ စိုက်သွားမယ်လို့ သိရပါတယ်။

READ
ရာသီဥတုပြောင်းလဲမှုတွေက ကမ္ဘာကြီးကို ဖျက်ဆီးနေပြီဆိုတာ ပြနေတဲ့ ဓာတ်ပုံများ
pexels

ခန့်မှန်းရတာက ဒရုန်းမောင်းနှင်သူ နှစ်ယောက်ဟာ ဒရုန်း(၁၀) ခုကို ထိန်းချုပ်နိုင်ပြီး တစ်နေ့ကို အပင်ပေါင်း (၄) သိန်း စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒရုန်းတွေဟာ သစ်ပင်စိုက်ပျိုးမယ့် နေရာတွေပေါ်မှာ လှည့်လည်ပျံသန်းရင်းနဲ့ စိုက်ပျိုးမယ့် မြေအနေအထား၊ အကောင်းဆုံးစိုက်ပျိုးနိုင်မယ့် နေရာ စတဲ့ အချက်အလက်တွေ ယူလာပေးနိုင်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒရုန်းယာဉ်ပျံတွေဟာ သစ်စေ့တွေကို မြေကြီးထဲ ပစ်လွှတ်တာ ဖြစ်ပါတယ်။ ပရောဂျက် တစ်ခုလုံး အောင်မြင်ဖို့အတွက်တော့ အခြေအနေတွေ အားလုံးသင့်တင့်မျှတမှ ဖြစ်မှာပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ခါတစ်လေ မမျှော်လင့်ပဲ ရေတက်လာတဲ့အခါမျိုးမှာ သစ်စေ့တွေဟာ ရေစီးနဲ့အတူ မျှောပါသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒရုန်းနဲ့ သစ်ပင်စိုက်ပျိုးတဲ့ ပရောဂျက်တွေဟာ ရာသီဥတုပြောင်းလဲမှုအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မကြာသေးခင်ကတော့ ပညာရှင်တွေတွက်ချက်ကြည့်ရာမှာ ကမ္ဘာပေါ်မှာ (၁.၂) ထရီလီယံရှိတဲ့ သစ်ပင်တွေကို စိုက်ပျိုးနိုင်ခဲ့ရင် ထိုအပင်တွေဟာ လူတွေထုတ်လွှတ်နေတဲ့ ကာဗွန်တွေကို စုပ်ယူဖို့ လုံလောက်နေပြီလို့ အားရဖွယ် သိရပါတယ်။

READ
သဘာဝဘေးအန္တရာယ်တွေဖြစ်ပျက်ပြီး ကျန်ရစ်ခဲ့တဲ့ ဆိုးဆိုးဝါးဝါးအနေအထားများ

လင်းလင်း (ShweMom)

Ref: unilad, fastcompany

SHARE