ပေါင်းသင်းအပ်တဲ့လူကောင်းမဟုတ်ဘူးဆိုတာ သိသာထင်ရှားစေတဲ့အချက်များ

Shutterstock/Antonio Guillem

လူတစ်ယောက်ဟာ လူကောင်းလား၊ လူဆိုးလားဆိုတာ ခွဲခြားရခက်တယ်လို့ ဆိုကြပါတယ်။ အပြင်ပန်းဆက်ဆံကြည့်ရုံနဲ့တော့ ဒီလိုခွဲခြားဖို့ဟာ မလွယ်ကူလှပေမယ့် အဲဒီလူရဲ့ အမူအကျင့်နဲ့ သူ့ရဲ့ လုပ်ရပ်တွေကို တွေ့လိုက်ရတဲ့အခါမှာတော့ ဒီလူဟာ ပေါင်းအပ်သူလား၊ မပေါင်းအပ်သူလားဆိုတာ သိရှိနိုင်ဖို့ တော်တော်လေးလွယ်ကူသွားပါပြီ။ အောက်ဘက်မှာတော့ Brightside မှာတွေ့ရှိရတဲ့ အပေါင်းအသင်းမလုပ်အပ်သူတွေရဲ့လက္ခဏာတွေကို ဖော်ပြပေးထားပါတယ်။

ဝေဖန်တာကို လက်မခံနိုင်ခြင်း

ဘယ်သူကမှတော့ ကိုယ့်ကို ဝေဖန်တာ မကြိုက်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ သူများက ဖြစ်သင့်တဲ့ အမှန်တရားကို ရိုးရိုးရှင်းရှင်းထောက်ပြရင်တောင်မှ လုံးဝလက်မခံနိုင်သူတွေ ရှိပါတယ်။ ဒီိလိုလူတွေဟာ အကျိုးအကြောင်း မဆင်ခြင်နိုင်ပါဘူး။ ကြီးနေတဲ့ပြဿနာကို သေးအောင် ဖြေရှင်းတာတွေလည်း မလုပ်နိုင်ပါဘူး။ ဥပမာ အလုပ်သဘောအရ ဝေဖန်ရင်တောင် ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်တယ်လို့ ယူဆသူတွေလည်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ လူတွေဟာ ကြီးထွားသန်စွမ်းဖို့အတွက် ဝေဖန်အကဲဖြတ်မှုတွေကို ခံယူနိုင်ရပါတယ်။

READ
Social Media ပေါ်မှာ နာမည်ကြီးလာအောင် ဘယ်လိုလုပ်မလဲ..?
Shutterstock/pathdoc

တာဝန်ရှောင်ခြင်း

ကိစ္စတစ်ခုခုနဲ့ ပတ်သက်ပြီး တာဝန်ခံရတာ၊ တာဝန်ယူရတာ ကြောက်သူတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းမှုရှိသူတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုလူတွေဟာ သတ္တိကြောင်တဲ့အပြင် အမြဲတမ်းသိမ်ငယ်စိတ်ဝင်နေသူတွေလည်း ဖြစ်ပါတယ်။ မနှစ်သက်စရာကောင်းတဲ့ စိတ်ခံစားမှုတွေနဲ့ တွေ့ကြုံရတဲ့အခါ သည်းခံစိတ်နည်းပါးတဲ့အပြင် အမှားလုပ်မိမှာကို စိုးရွံ့သူတွေလည်း ဖြစ်ကြပါတယ်။

မှားတဲ့အခါ တောင်းပန်ဖို့ ၀န်လေးခြင်း

တာဝန်ကို ရှောင်တတ်သူတွေဟာ တောင်းပန်ဖို့ ၀န်လေးတတ်ကြပါတယ်။ မိမိကြောင့် သူတစ်ပါးမှာ အကျိုးမဲ့ဖြစ်သွားရင်လည်း ဒါကိုယ့်ကြောင့် မဟုတ်ဘူးဆိုပြီး ခေါင်းမာစွာ ငြင်းဆန်တတ်သူတွေကို လူကောင်းတွေလို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်ကြောင့် အမှားဖြစ်သွားတဲ့အခါ သူများကို တောင်းပန်စကားဆိုရမယ့်အစား သူတို့က ပြန်ပြီး စိတ်တိုဒေါသထွက်တတ်သူတွေလည်း ဖြစ်ပါတယ်။

Shutterstock/ interstid

သူများရဲ့ ရုပ်ပိုင်းဆိုင်ရာကို ကဲ့ရဲ့ခြင်း

လူတွေဟာ တစ်ယောက်ကိုတစ်ယောက် တမင်ရန်စတတ်ကြပါတယ်။ ဒါပေမယ့် အချို့သောသူတွေကတော့ သူတို့စိတ်ထဲမှာ သူများကို ပြက်ရယ်ပြုဖို့နဲ့ သူများတကာရဲ့ ရုပ်ရည်၊ အပြင်အဆင်တွေကို အားပါးတရ ဝေဖန်ဖို့ပဲ စိတ်ကူးရှိကြပါတယ်။ မိတ်ဆွေနှစ်ဦးဆက်ဆံရေးတိုးတက်ဖို့ကို အလေးမထားပဲ သူများကို အမြဲတမ်းကဲ့ရဲ့ဖို့ အသင့်ဖြစ်နေတဲ့သူဟာ ကိုယ့်မကောင်းကြောင်းကိုလည်း ကွယ်ရာရောက်ရင် ပြောနေဦးမှာပဲ ဖြစ်ပါတယ်။

READ
သူစိမ်းတွေနဲ့ မိတ်ဖွဲ့စကားပြောတဲ့အခါ အခြေခံလိုအပ်ချက်များ

လေးစားမှုမရှိခြင်း

လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အလုပ်ကိုရော အခြားသူတွေကိုရော မလေးမစားဆက်ဆံခြင်းဟာ ရေရှည်ကျရင် အဆင်ပြေမှာမဟုတ်ပါဘူး။ အခြားသူတွေအပေါ်မှာ လေးစားမှုမရှိသူတွေဟာ ကိုယ့်အပြစ်ကို ဖုံးကွယ်တတ်ပါတယ်။ နားလည်မှုလွဲမှားစေတဲ့ ပြောဆိုဆက်ဆံရေးပုံစံမျိုးတွေကို ဖန်တီးတတ်ပါတယ်။ ဒါ့အပြင် မျက်နှာ၂ဖက်ရှိတတ်ပါတယ်။ ဆိုလိုတာကတော့ လူတစ်ယောက်ရှေ့မှာ အရမ်းစိတ်သဘောထားပြည့်သယောင် ဟန်ဆောင်ပြီး နောက်ကွယ်ကျမှ အတင်းတုပ်တတ်တဲ့ ကြောက်စရာကောင်းတဲ့ သူမျိုးတွေပါ။

လင်းလင်း (ShweMom)

SHARE