အရောင်တွေကို ခံစားတတ်ရင် ခံစားတတ်သလို အရာတိုင်းဟာ ရင်ထဲကိုပိုထိတတ်ပါတယ်။ ကမ္ဘာမြေကြီးဆိုတာလည်း ဒီအရောင်တွေကြောင့်ပဲ ပိုပြီး လှပနေတတ်တာမဟုတ်ပါလား။ အရောင်တွေကို ကိုယ်စားပြုပြီးတော့ နာမည်ကြီးနေတဲ့ နေရာလေးတွေလည်း ရှိနေပါသေးတယ်။ ဥပမာဆိုရရင်တော့ ပန်းရောင်ပင်လယ်ပြင်တို့၊ ကတ်ရှ်မီးယားက အပြာရောင်မြို့တော်လေးတို့လိုမျိုးပေါ့။
အခုလည်း CNN မှာ ခရမ်းရောင်လွင်ပြင်ကမ္ဘာလေးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီနေရာလေးနဲ့ မိတ်ဆက်ပေးပါရစေနော်။

Banwol ကျွန်းပါတဲ့။ တောင်ကိုရီးယားရဲ့ အနောက်တောင်ဖက်ကမ်းရိုးတန်းမှာ တည်ရှိနေပါတယ်။ သူ့ကိုတော့ ကမ္ဘာရဲ့ခရီးသွားလောကထဲ “ခရမ်းရောင်ကျွန်း” လေးအဖြစ် သိထားခဲ့ကြပါတယ်။ ဘာကြောင့်ဆိုရင် အပေါ်စီးက ကြည့်လိုက်တာနဲ့ တစ်ကျွန်းလုံးဟာ လာဗင်ဒါခရမ်းရောင်လေးတွေ သန်းနေလို့ပါပဲ။

ကျွန်းပေါ်မှာရှိနေတဲ့ အိမ်အလုံးပေါင်း ၄၀၀ ကျော်လောက်ဟာ သူတို့ရဲ့အိမ်ခေါင်မိုးတွေကို အားလုံးဆင်တူ လာဗင်ဒါခရမ်းရောင်အမိုးလေးတွေ သုံးထားတာပဲဖြစ်ပါတယ်။ ၂၀၁၈ အထိ မှတ်တမ်းအရတော့ ဒီ Banwol ကျွန်းကို လာလည်တဲ့လူဟာ လူပေါင်း ၄၉၀,၀၀၀ ရှိခဲ့ကြပါတယ်တဲ့။ ကိုဗစ်ဖြစ်နေဆဲ ၂၀၂၀ မှာတော့ လူနေသိပ်ပြီး မထူထပ်တဲ့ ဒီနေရာလေးကေို လူပေါင်း ၁ သိန်းဟာ လာလည်ခဲ့ကြတယ်ဆိုပြီး CNN မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် ၂၀% တိုးတက်လာခဲ့တာပါ။
အိမ်ခေါင်မိုးတွေတင်မဟုတ်ဘဲ အဲဒီကျွန်းလေးမှာ လာဗင်ဒါပန်းခင်းလေးလည်းရှိတယ်၊ နောက် တံတားလေးတွေ၊ သင်္ဘောလေးတွေ၊ တယ်လီဖုန်းရုံလေးတွေ စတာလေးတွေဟာလည်းပဲ လာဗင်ဒါခရမ်းရောင်လေးတွေပဲ သုံးထားခဲ့တာပါ။



အခုအချိန်မှာလည်း ကျွန်းကို လာလည်တဲ့လူတွေကို လက်ခံနေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ကပဲလာလာ ကျွန်းမှာ quarantine ၂ ပတ်နေပြီးမှသာ တရားဝင်လည်ပတ်ခွင့်ရမှာပါနော်။


penny