ကိုယ်ပိုင်ဖုန်း မရှိရသေးခြင်းရဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်

kremlin.ru

မျက်မှောက်ခေတ်မှာ နည်းပညာဟာ တစ်ခုထက်တစ်ခု ဦးအောင်ပြေးနေကြပြီး၊ လူသားတွေက နည်းပညာအသစ်သစ်တွေနောက်ကို မမီမကမ်း လိုက်နေရပါတယ်။ ဖုန်းဆိုလည်း နောက်ဆုံးပေါ်မှ ကိုင်ချင်တဲ့ လူ့ဗီဇအတိုင်း၊ ဖုန်းကုမ္ပဏီတွေကလည်း လူတွေရဲ့အတ္တလောဘတွေကို နားလည်စွာ တစ်ခုနဲ့တစ်ခု မတူအောင် ပိုကောင်းအောင် ထုတ်လုပ်ရင်း ပိုပြီး ချမ်းသာလာခဲ့ကြပါတယ်။

အခု လူသန်းပေါင်းများစွာထဲမှာ အထူးခြားဆုံးလူတစ်ယောက်ကို ပြရရင် သမ္မတပူတင်ကို လက်ညှိုးထိုးပြရမှာပါ။ သူဟာ ယနေ့အချိန်ထိ ကိုယ်ပိုင်ဖုန်း မရှိသေးပါဘူး။ သူဟာ နည်းပညာတိုက်ခိုက်ခံရမှုတွေ၊ တစ်ခြား မလိုလားအပ်တဲ့ စိတ်အနှောက်အယှက်တွေကို ရှောင်ရှားချင်လို့ ဖုန်းမသုံးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူပေးတဲ့ ဆင်ခြေလေးက ရိုးရှင်းပါတယ်။

kremlin.ru

သူက ကိုယ်ပိုင်ဖုန်း မထားရှိရခြင်းရဲ့ အကြောင်းအရင်းက “ ဒီကောင်တွေက တစ်ချိန်လုံး မြည်နေမယ့်ကောင်တွေလေ … ”လို့ ပြောခဲ့ပါတယ်။ သူဟာ ဒီအကြောင်းကို ရုရှားသတင်းအေဂျင်စီ TASS နဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။ သူ ဖုန်းလုံးဝ မသုံးပါဘူးတဲ့။

သူ့မှာ အလုပ်သဘောအရသုံးတဲ့ တကယ့်စူပါဖုန်းတစ်ခု ရုံးခန်းမှာ ရှိနေကြောင်း၊ ဒီဖုန်းက ကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆို သူ စကားပြောလိုသူကို ချက်ချင်းချိတ်ဆက်နိုင်ကြောင်း ဆိုပါတယ်။ သမ္မတကြီးဟာ ယခင်ကလည်း အလားတူစကားမျိုး လူသိရှင်ကြား ပြောခဲ့ဖူးပါသေးတယ်။

(၂၀၁၀)ခုနှစ်တုန်းက သမ္မတပူတင်က ဒီလိုပဲ ဖုန်းတွေက တကျီကျီမြည်တဲ့အသံကို သဘောမကျတာကြောင့် သူ ဖုန်းမသုံးတာဖြစ်ကြောင်း ဆိုခဲ့တာပါ။ နောက်ပြီး သမ္မတကြီးဟာ ရံဖန်ရံခါ ပုံတူလူသား (ရုပ်ချင်းတူတဲ့လူ) အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။ အလွယ်ပြောရရင် သူနဲ့ ရုပ်ချင်းဆင်တူသူကို သူ့အစား အစည်းအဝေးတွေ၊ နိုင်ငံရေးအခမ်းအနားတွေ တက်ခိုင်းတာမျိုးတွေ မလုပ်ပါဘူးတဲ့။

kremlin.ru

(၂၀၀၃)ခုနှစ်မှာ ရုရှားသတင်းစာတစ်စောင်က သမ္မတကြီးအနေနဲ့ ဖုန်းခေါ်ချင်ရင် သူ့ရဲ့ အပါးတော်မြဲတစ်ယောက်ယောက်ဆီကနေ ဖုန်းတစ်ခုခုယူပြီး အလွယ်တကူ ခေါ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ အသက်(၆၇)နှစ်အရွယ် ပူတင်ဟာ သမ္မတရာထူးကို ဆယ်စုနှစ်(၂)စုကျော်ကြာ တာဝန်ထမ်းဆောင်ထားသူဖြစ်ပြီး၊ အနောက်နိုင်ငံသတင်းစာတွေကတော့ သမ္မတရာထူးက အနားယူမယ့်သူမဟုတ်ဘူးလို့ ဝေဖန်ဖူးပါတယ်။

သူဟာ ကိုယ်ပွားအဖြစ် ရုပ်ချင်းတူသူတွေကို အစုအဖွဲ့ငယ်လေးအဖြစ် စုဆောင်းထားကြောင်း သတင်းတချို့က ကောလာဟလ ဖော်ပြခဲ့ပြီး၊ လုံခြုံရေးပိုင်း စိုးရိမ်ရတဲ့အခါမျိုးမှာ ကိုယ်ပွားတစ်ဦးဦးကို စေလွှတ်လေ့ရှိတယ်လို့ ဆိုနေကြပါတယ်။ ဒီမေးခွန်းအတွက် သူက ငြင်းခဲ့ပြီး၊ ကမ်းလှမ်းခဲ့သူတွေလည်း ရှိခဲ့ကြောင်းကိုတော့ ဝန်ခံခဲ့ပါတယ်။

လင်းသုတ

SHARE