သမ္မတရာထူး ယူထားသရွေ့ လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုဟု ဗလာဒီမာပူတင် ပြောဆို

en.kremlin.ru

ရုရှားနိုင်ငံရဲ့ သက်တော်ရှည် သမ္မတရာထူး ရယူထားတဲ့ ဗလာဒီမာပူတင်ကတော့ သူ သမ္မတရာထူး ရယူထားသရွေ့ လိင်တူလက်ထပ်ခြင်းကို တရားဝင်ဥပဒေနဲ့အညီ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား သတိပေးလိုက်ကြောင်း Euro News သတင်းဌာနရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။

ဗလာဒီမာပူတင်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးမှာ ဒီသတိပေးမှုကို ပြောဆိုခဲ့တာလို့ သိရပါတယ်။ သူက လိင်တူလက်ထပ်ခြင်းအတွက် ရှင်းလင်းတဲ့အမြင်ကို ထုတ်ဖော်ခဲ့တယ်လို့လည်း ဒေသခံသတင်းတွေက ရေးသားခဲ့ကြပါတယ်။

en.kremlin.ru

သမ္မတပူတင်က “ လက်ထပ်ခြင်းဆိုတာ အမျိုးသားနဲ့ အမျိုးသမီးကို ပေါင်းစည်းလိုက်ခြင်းပဲ … ဒီလို ရိုးရာလက်ထပ်ခြင်းဆိုတာက ကောင်းတဲ့အရာလည်း ဖြစ်ပြီး၊ ကျွန်တော်တို့တစ်တွေ ထောက်ပံ့ဝန်းရံရမယ် … အခု လိင်တူလက်ထပ်ဖို့ဆိုတဲ့အရေးနဲ့ပတ်သက်ပြီး အရင်ကလည်း ကျွန်တော် လူသိရှင်ကြား ပြောဖူးပါတယ် … အခုလည်း ထပ်ပြောပါ့မယ် … ကျွန်တော် သမ္မတဖြစ်နေသရွေ့ ဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး ”လို့ ပြောခဲ့တာပါ။

သူက ဆက်လက်ပြီး “ လောကမှာ အဖေနဲ့ အမေဆိုတာပဲ ရှိရမယ် ”လို့ ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ (၁၉၉၃)ခုနှစ်ကတည်းက လိင်တူတွေနဲ့ပတ်ပတ်သက်တဲ့ ကိစ္စရပ်တွေကို မသိကျိုးကျွန်ပြုခြင်းနဲ့၊ ခွဲခြားဆက်ဆံခြင်းတွေ ပြုခဲ့သလို၊ လက်ရှိအချိန်ထိ တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

READ
အချက်အပြုတ် စွမ်းရည်ပြခဲ့တဲ့ ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်

LGBT အရေးလှုပ်ရှားသူတွေက (၂၀၁၃)ခုနှစ်နောက်ပိုင်း ရုရှားမှာ လှုပ်ရှားမှုအားကောင်းခဲ့ပါတယ်။ ထိုစဉ်က သမ္မတပူတင်ဟာ လိင်တူတွေရဲ့ဘဝကိုမြင့်တင်ရေးအတွက် အတားအဆီးဖြစ်စေမယ့် အငြင်းပွားဖွယ်ရာ ဥပဒေကို အတည်ပြုခဲ့ပြီးနောက် လှုပ်ရှားမှုတွေ မကြာခဏ တွေ့မြင်နေရပါတယ်။ယမန်နှစ်ကလည်း ရုရှားမှာ လိင်တူချစ်သူနှစ်ဦးက မိဘမဲ့ကလေးနှစ်ဦးကို မွေးစားဖို့ဆိုတဲ့  ကိစ္စရပ်အပေါ် အာဏာပိုင်တွေက မသိကျိုးကျွန်းပြုခဲ့တယ်၊ သို့မဟုတ် မလေးမစားပြုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာလို့  ရုရှားစုံစမ်းထောက်လှမ်းရေးအဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးတာမျိုးလည်း ရှိခဲ့ပါတယ်။

စုံစမ်းရေးအဖွဲ့ကလည်း လိင်တူစုံတွဲက ကလေးတွေကို ပြုစုမယ်ဆိုရင် မိသားစုတန်ဖိုးနဲ့ပတ်သက်တဲ့ လွဲမှားတဲ့အတွေးတွေကို ဖြစ်စေနိုင်တယ်လို့ ကောက်ချက်ချခဲ့လို့ အပြည်ပြည်ဆိုင်ရာ LGBT လှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေ ပြင်းထန်စွာ ခံခဲ့ရပါတယ်။ သို့သော်လည်း ရုရှားမှာ လိင်တူတွေကို ခွဲခြားဆက်ဆံမှုက အခုအချိန်ထိ အားကောင်းနေဆဲပါ။

လင်းသူရိန်

SHARE