ကလေးအတွက် နို့မှုန့်လိုအပ်နေလို့ ၀န်ကြီးချုပ်ထံ တိုက်ရိုက်အကူအညီတောင်းခဲ့တဲ့ မိခင်

instagram/narendramodi pexels/burst

နည်းပညာအဆင့်အတန်းတွေမြင့်မားလာတာနဲ့အမျှ ကမ္ဘာ့လူသားတွေဟာ အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်ဖို့ အခွင့်အရေးတွေ ရှိလာပါတယ်။ အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ နည်းပညာရဲ့အကူအညီကိုယူပြီး မိမိရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ကြောင်း storypick သတင်းအရ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ နီဟာကူမာရီ ဆိုသူဖြစ်ပါတယ်။ နီဟာက သူမမှာ အော့တစ်ဇင်ဖြစ်နေတဲ့ ကလေးတစ်ယောက်ရှိပြီး ကလေးအတွက် ကုလားအုတ်နို့မှုန့် အရေးတကြီးလိုအပ်နေတဲ့အကြောင်း  အိန္ဒိယမီးရထားရဲ့ တွစ်တာစာမျက်နှာပေါ် အကူအညီတောင်းခဲ့တာပါ။ သူမရဲ့ကလေးဟာ ဆိတ်နို့၊ နွားနို့၊ ကျွဲနို့တွေနဲ့ ဓာတ်မတည့်ပဲ ကုလားအုတ်နို့တစ်မျိုးတည်းသာ တိုက်ကျွေးလို့ရပါတယ်။ ဒါကြောင့် ရာဂျက်စသန်ပြည်နယ်ကနေ ကုလားအုတ်နို့မှုန့်ဝယ်လို့ရအောင် ကူညီပေးဖို့ နီဟာက ၀န်ကြီးချုပ်မိုဒိထံ တိုက်ရိုက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နှစ်ရက်အကြာမှာတော့ နီဟာကို မီးရထားဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆက်သွယ်ပြီး နို့မှုန့်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ရာဂျက်စသန်ပြည်နယ်က ကုလားအုတ်နို့မှုန့်ထုတ်လုပ်တဲ့ကုမ္ပဏီဟာ မွန်ဘိုင်းကို နို့မှုန့်တင်ပို့ပေးချင်ပေမယ့် lockdown တွေချထားတဲ့အတွက် အဆင်မပြေလှပါဘူး။ ဒါကြောင့် နီဟာက မွန်ဘိုင်းမှာ နို့မှုန့်လိုက်ဝယ်လို့မရပဲ ဖြစ်နေခဲ့တာပါ။

ဒါကြောင့် North Western Railway (NWR) မှာအလုပ်လုပ်နေတဲ့ အာရွန်ဘော်သရာဆိုသူ အရာရှိတစ်ဦးဟာ လူဒ်ဟီအာနာနဲ့ မွန်ဘိုင်းကြားပြေးဆွဲနေတဲ့ ကုန်တင်ရထားတစ်တွဲကို ရာဂျက်စတန်က ဘူတာရုံတစ်ခုမှာ ရပ်နားပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ကုန်တင်ရထားတွဲဟာ အဲဒီဘူတာမှာ ကုလားအုတ်နို့မှုန့်ကုမ္ပဏီက နို့မှုန့်ထုပ်ကို တင်ဆောင်လာပြီး မွန်ဘိုင်းမှာနေထိုင်နေတဲ့ နီဟာဆီ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

READ
မိမိတာဝန်ထက် ပိုမိုတဲ့ ၀န်ဆောင်မှုလေးတစ်ခုကို ပြုလုပ်ပေးခဲ့တဲ့ လေယာဉ်မောင်

အရာရှိအာရွန်ရဲ့ ကြိုးစားလုပ်ဆောင်မှုနဲ့ အိန္ဒိယမီးရထားရဲ့ မြန်ဆန်လှတဲ့ တုံ့ပြန်မှုအပေါ် ပြည်သူတွေက ချီးမွမ်းနေကြတာကိုလည်း အခုလို တွေ့ခဲ့ရပါတယ်။

လင်းလင်း (ShweMom)

SHARE