ပိုက်ပါလို့အမည်ရတဲ့ ခွေးလေးတစ်ကောင်ကတော့ ရှိုလိုဝစ်ဇ်ကွင်တလီ (သို့မဟုတ်) ရှိုလို လို့ ခေါ်တဲ့ ခွေးမျိုးစိတ်တစ်ကောင်ဖြစ်ပါတယ်။ အလွယ်ခေါ်ကြတာကတော့ မက္ကဆီကန် အမွေးမဲ့ခွေးဆိုပြီးတော့ပါ။ ပိုက်ပါကိုတော့ ဖိလစ်ပိုင်နိုင်ငံ ကေဇွန်မြို့က ဆန်ဒရာပိုင်ဒါဆိုတဲ့ မိန်းကလေးက ပိုင်တာဖြစ်ပါတယ်။
ဆန်ဒရာကတော့ သူမရဲ့ ချစ်လှစွာသော ကလေးလေးပုံကို တင်လိုက်တာဟာ အင်တာနက်ပေါ်က လူတွေကို အုတ်အော်သောင်းနင်း ဖြစ်သွားစေမယ်လို့ တွေးမထားခဲ့မိပါဘူး။ အစပိုင်းမှာလည်း ဆန်ဒရာက လူတွေ သူမရဲ့ ခွေးလေးနဲ့ ပတ်သက်လို့ ပေးကြတဲ့ မှတ်ချက်တွေကို မယုံနိုင်ခဲ့ပါဘူး။ ၂၂ နှစ်အရွယ် ဆေးကျောင်းသူလေး ဆန်ဒရာဟာ သူမမျက်စိထဲတော့ ပိုက်ပါကို တွေ့မြင်နေကျမို့ ထူးခြားချက်တွေကို သတိမထားမိခဲ့တာပါ။

လူတွေက ပိုက်ပါကို ခွေးအစစ်မဟုတ်ဘဲ ရုပ်တုတစ်ခုလို့ ထင်နေခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ လူတွေက တကယ်ပြောကြတယ်ဆိုတာ ဆန်ဒရာ နားလည်သွားခဲ့ပါတယ်။ “သူတို့က ပိုက်ပါကို ခွေးအစစ်ဆိုတာ မယုံကြဘူး။ ကျွန်မကတော့ တွေ့နေကျမို့ မသိတာ။ မိသားစုနဲ့ သူငယ်ချင်းတွေကတော့ လူတွေပြောနေကြတာ ဟုတ်တယ်တဲ့။ ကျွန်မရဲ့ ခွေးလေးက အနုပညာလက်ရာနဲ့ မှားရလောက်အောင် လှတယ်ဆိုတော့ ကျွန်မ ပျော်တာပေါ့” လို့ ဆန်ဒရာက ပြောပါတယ်။

လူတော်တော်များများကတော့ ပိုက်ပါကို အီဂျစ်ဒဏ္ဍာရီထဲက မြေအောက်ကမ္ဘာကို ကာကွယ်တဲ့ နတ်ဘုရား အနူဘစ်စ်နဲ့ တူတယ်လို့တောင် တင်စားနေကြပါတယ်။ ရှိုလိုခွေးအမျိုးအစားတွေက ရှေးခွေးမျိုးစိတ် တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃,၅၀၀ လောက် အက်ဇတက်နဲ့ မာယာလူမျိုးတွေ မွေးခဲ့ကြတဲ့ ခွေးမျိုးဖြစ်ပါတယ်။ အခုခေတ်မှာတော့ မက္ကဆီကို နိုင်ငံထဲမှာပဲ အတွေ့များပြီး အခြားနိုင်ငံတွေမှာဆို ထူးဆန်းတဲ့ ခွေးမျိုးလို့ပဲ မြင်တတ်ကြပါတယ်။

ပိုက်ပါ့အသားအရေက ပြောင်ချောနက်မှောင်နေသလို ထိန်းသိမ်းမှုတွေလည်း ပြုလုပ်ရပါတယ်။ သူ့အရေပြားကို အစိုဓာတ်ထိန်းပေးဖို့ အုန်းဆီလိမ်းပေးရပြီး အပြင်ထွက်ခါနီးရင်လည်း နေလောင်ကာ ခရင်မ် လိမ်းပေးရပါသေးတယ်တဲ့။ ရုပ်တုနဲ့ မှားရလောက်အောင် လှလွန်းတဲ့ ပိုက်ပါက ကိုယ်ပိုင်အင်စတာဂရမ်အကောင့်တောင် ဖွင့်ထားပါသေးတယ်နော်။

View this post on Instagram
Ref: Elite Readers