အဆိုးရွားဆုံးအနံ့ကို ထုတ်လွှတ်သည့် ရှားပါးမှိုတစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ

Twitter / Microbes

ဗြိတိန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ အသားပုပ်အနံ့ကို လှိုင်လှိုင်ထုတ်လွှတ်တဲ့ ရှားပါးမှိုတစ်မျိုးကို ဆယ်စုနှစ် (၂)စုအကြာမှာ ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မှိုတွေဟာ ပင်လယ်ကြယ်ငါးကဲ့သို့ ဒါမှမဟုတ် ရေဘဝဲကဲ့သို့ လက်တံတွေ ပါဝင်ပြီး၊ အတွင်းပိုင်းမှာ အဖြူရောင်ဖြစ်သော်လည်း၊ လက်တံတွေက အနီရောင်တောက်တောက် ဖြစ်ပါတယ်။

အဲဒီမှိုတွေကို သိပ္ပံပညာရှင်တွေက Devil’s Fingers သို့မဟုတ် Octopus Stinkhorn လို့ အမည်ပေးထားပါတယ်။ ဒီမှိုတွေကို (၁၉၉၉)ခုနှစ်တုန်းက နောက်ဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီမှိုတွေဟာ အများအားဖြင့် သစ်ပုပ်သစ်ဆွေးနဲ့ သစ်ရွက်အဆွေးတွေကို အစာအဖြစ် စားသုံးရှင်သန်ကြတာ ဖြစ်ပါတယ်။

အခု ဒီမှိုတွေကို ဘရစ္စတိုးမြို့အနီး၊ Mendip Hills တောင်ကုန်းမှာတည်ရှိတဲ့ Dolebury Warren Nature Reserve ပိုင်နက်အတွင်းမှာ Avon Wildlife Trust အဖွဲ့က တွေ့ရှိခဲ့တာပါ။ မှိုရဲ့တရားဝင်ဇီဝအမည်မှာ Clathrus Archeri ဖြစ်ပြီး၊ ကြက်ဥပုံစံမျိး မြေပေါ်ကို ပေါ်လာရာကနေ တစ်ဖြည်းဖြည်း လက်တံတွေ ထွက်လာတာပါ။ လက်တံတွေကတော့ လေးခုကနေ (၇)ခုအထိ ရှိတတ်ပါတယ်။

မှိုသက်တမ်း ကြာလာလေ လက်တံတွေက အနီရောင်ပိုတောက်လာလေရှိပြီး၊ သံလွင်အမဲရောင် အကျိအချွဲတွေက အပုပ်နံ့ကို ထုတ်လွှတ်ပေးတာပါ။ ဒါပေမယ့် ထူးဆန်းတာက အနံ့အသက် အလွန်ဆိုးရွားသော်လည်း လူကိုသေစေနိုင်တဲ့ အဆိပ်အတောက်မျိုး မပါဝင်ဘူးလို့ သိရပါတယ်။

အချို့နိုင်ငံတွေမှာ ဒီလိုမှိုနဲ့ ခပ်ဆင်ဆင်တူတဲ့ မှိုမျိုးတွေရှိကြပြီး၊ ဟင်းအဖြစ် ချက်ပြုတ်စားသောက်တာမျိုးတွေ ရှိပါတယ်တဲ့။ သို့သော်လည်း အခု Octopus Stinkhorn မှိုမျိုးစိတ်နဲ့ နီးစပ်ခြင်း မနီးစပ်ခြင်းကို သိပ္ပံပညာရှင်တွေက အတည်ပြုထားခြင်း မရှိပါဘူး။ နောက်ပြီး အဲဒီမှိုတွေက ဒီလို အနံ့ဆိုး မထွက်ဘူးလို့လည်း ဆိုပါတယ်။

Octopus Stinkhorn မှိုတွေဆီက အနံ့အသက်ဟာ လူတွေအတွက် မခံရပ်နိုင်စရာ ဖြစ်သော်လည်း အပုပ်ကိုကြိုက်တဲ့ ယင်ကောင်တွေအတွက်တော့ အတော်လေး သဘောကျစရာ ဖြစ်ပါတယ်။ ဒီအနံ့က ယင်ကောင်တွေကို စွဲဆောင်ပြီး၊ အဲဒီမှိုမျိုးစိတ် မျိုးစေ့တွေကို ယင်ကောင်တွေက ပျံ့နှံ့အောင် ကူညီပေးပါတယ်။

မှိုပညာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင် ပါမောက္ခ Andrew N. Miller က “ ယင်ကောင်တွေက အဲဒီမှိုက အကျိအချွဲတွေကို စားတယ် … နောက် မှိုဝတ်မှုန်လို့ ပြောလို့ရတဲ့ မျိုးမှုန့်တွေက ယင်ကောင်တွေရဲ့ တောင်ပံနဲ့ ခြေထောက်တွေကို ကပ်ပါသွားပြီး မျိုးပွားတဲ့စနစ်ကို အသုံးပြုတယ် ”လို့ ပြောပါတယ်။ ဒီမှိုတွေဟာ ဗြိတိန်မှာတော့ (၁၉၁၄)ခုနှစ်က ပထမဆုံး တွေ့ခဲ့တာပါ။

လင်းသုတ

SHARE