Justice League ဇာတ်ကား ဘာကြောင့် မအောင်မြင်ခဲ့လဲဆိုတာ ဖွင့်ဟလာခဲ့တဲ့ Ray Fisher

[email protected] [email protected]

Justice League ဇာတ်ကားကိုတော့ စူပါဟီးရိုးပရိသတ်တော်တော်များများ သိကြမှာပါပဲ။ DC ရဲ့ စူပါဟီးရိုးပေါင်းစုံပါနေတဲ့အတွက်ကြောင့် မကြည့်ခင်မှာတော့ တော်တော်လေးကို ကောင်းမယ့် ဇာတ်ကားတစ်ကားအဖြစ် မျှော်လင့်ခဲ့ရပြီး ဇာတ်ကားထွက်လာတဲ့အချိန်မှာတော့ ဇာတ်ကားရဲ့ ဇာတ်အိမ်ဇာတ်ကွက်တွေ၊ အရည်အသွေးတွေဟာ ဖြစ်သင့်တာထက် စုတ်ပြတ်သတ်နေတာကို တော်တော်များများ သိကြပြီး ဖြစ်မှာပါ။

ဒါ့အပြင် ဒီဇာတ်ကားကြီးရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အမေရိကကန်ဒေါ်လာ သန်း (၃၀၀) ကျော်အထိ အသုံးပြုခဲ့ပေမယ့် သန်း (၁၀၀) နီးပါးအထိ အရှုံးပေါ်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် DC ပရိသတ် အများစုက ဒီဇာတ်ကားဟာ DC ရဲ့ ထွက်ခဲ့ဖူးသမျှ ဇာတ်ကားတွေထဲမှာ အညံ့ဆုံးနဲ့ စိတ်ပျက်ဖို့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ အခုလည်း ဒီဇာတ်ကားထဲမှာ Cyborg အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Ray Fisher ကိုယ်တိုင်ကလည်း ဒီဇာတ်ကားညံ့တာဟာ Justice League ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Joss Whedon ကြောင့် ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

(၂၀၁၇) ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Justic League ဇာတ်ကားကို ပထမဦးဆုံး စရိုက်ဖို့ သဘောတူထားတဲ့လူကတော့ နာမည်ကြီး ဒါရိုက်တာ Zack Synder ဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်ကူးရေး တစ်ဝက်လောက်မှာ Zack ရဲ့ သမီးဖြစ်သူ Autumn ဟာ ကွယ်လွန်ခဲ့တာကြောင့် Zack တစ်ယောက် သမီးဖြစ်သူ ကိစ္စနဲ ဗျာများခဲ့ပြီး Justice League ကို မရိုက်ကူးခဲ့ဖြစ်ပါဘူး။ ဒါနဲ့ပဲ နောက်ဆုံးမှာတော့ Justice League ဇာတ်ကားကို ဒါရိုက်တာ Joss Whedon နဲ့ ရိုက်ကူးဖြစ်ခဲ့ပါတယ်။

“ဒီဇာတ်ကားသာ Zack ရိုက်ခဲ့ရင် လူတော်တော်ကြိုက်ကြမှာ အမှန်ပါပဲ။ Joss ကို အရည်အချင်း မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အရည်အချင်းလည်း ထိုက်သင့်သလောက် ရှိပါတယ်။ ဒါပေမယ့် သူ့မှာ professional စစ်တဲ့ စိတ်ဓာတ်မရှိဘူးဗျ။ ဘယ်အချိန် အနားယူသင့်လဲ၊ ဘယ်အချိန်မျိုးမှာ တောက်လျှောက်ရိုက်သင့်လဲ၊ ရိုက်ကွင်းထဲက လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ သူ လုံးဝမသိဘူးဗျ” လို့ Ray Fisher က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE