သိပ္ပံရုပ်ရှင်တွေမှာသာ ရှိမယ်လိမ့်လို့ ထင်ရတဲ့ (၂၀၁၈) ခုနှစ်တွင်း အပျံစားတီထွင်မှုများ

ယနေ့ကမ္ဘာမှာ နည်းပညာဟာ အစွမ်းကုန် ဖွံ့ဖြိုးလွန်းနေပါတယ်။ တီထွင်ဖန်တီးသူတွေကလည်း နေ့စဉ် လူနေမှုဘ၀ထဲမှာ အသုံးပြုနေတဲ့ပစ္စည်းတွေကို အရင်ကထက် အသုံးပြုရ ပိုမိုလွယ်ကူအောင် အချိန်ကုန်သက်သာ ထိရောက်အောင်ကြိုးပမ်းလာကြပါတယ်။ အောက်ဘက်မှာတော့ (၂၀၁၈) ခုနှစ်အတွင်းက တီထွင်မှုအသစ်အဆန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြော်ငြာကာ မျက်မှန်

© IRL Glasses / Kickstarter

လူအများစုက ကြော်ငြာတွေကို မုန်းတီးကြပါတယ်။ ဒါပေမယ့်လည်း ကြော်ငြာတွေက နေရာတကာမှာ ရှိပါတယ်။ လမ်းသွားတဲ့အခါ လမ်းဆုံလမ်းခွမှာ ကြော်ငြာဘုတ်ကြီးတွေ ရှိပါတယ်။ အိမ်ထဲမှာ တီဗီကြည့်ရင်လည်း ဇာတ်လမ်းကြည့်ရတာ ဆန့်တငန့်ငန့်ဖြစ်အောင် ကြော်ငြာတွေက နှောင့်ယှက်တတ်ပါသေးတယ်။ ဒါကြောင့်လည်း Ivan Cash နဲ့ Scott Blew တို့ဟာ IRL Glasses လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ မျက်မှန်တွေကို ဖန်တီးခဲ့ပါတယ်။ IRL Glasses တွေဟာ တွေ့ရသမျှ ကြော်ငြာတွေကို ဇကာအနေနဲ့ စစ်ထုတ်ပေးပါတယ်။ မျက်မှန်မှာသုံးထားတဲ့ မှန်တွေက ခရမ်းလွန်ရောင်ခြည်ဒဏ် မကျရောက်အောင် ကာကွယ်ပေးရုံတင်မကပဲ တီဗီဖန်သားပြင်တွေက ထုတ်လွှတ်လိုက်တဲ့ ရောင်ခြည်တွေကိုလည်း တားဆီးပေးပါတယ်။

သတိမေ့ အချက်ပေးကိရိယာ

© Tile / instagram

လူတွေမှာ သတိမေ့တဲ့အခိုက်ဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့် သတိမေ့တတ်သူတွေအတွက် ကိုယ့်ရဲ့ သော့တွဲ၊ ပိုက်ဆံအိတ်၊ အထုပ်အပိုးနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကို မပျောက်ဆုံးရလေအောင် ကာကွယ်ပေးမယ့် ကိရိယာတစ်မျိုး ပေါ်လာနေပါပြီ။ ၄င်းကိရိယာကိုတော့ Tile Mate လို့ ခေါ်ပါတယ်။ သူ့မှာ ဘယ်အရာဝတ္ထုပစ္စည်းပေါ်မှာမဆို ချိတ်တွယ်နိုင်တဲ့ Bluetooth sensor လေး ပါပါတယ်။ ၄င်း sensor လေးကနေ ကိုယ်မေ့ကျန်နေတဲ့ အရာရှိ၊ မရှိဆိုတာကို ပိုင်ရှင်ဆီ သတိပေးအချက်ပြနိုင်ပါတယ်။ Tile Mate ကို Bluetooth ခံပြီး စမတ်ဖုန်း သို့မဟုတ် တက်ဘလက်နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

READ
(၆)လက်မအရွယ်ရှိ ဂြိုဟ်သားနဲ့တူတဲ့ ရုပ်ကြွင်းတစ်ခုကို စစ်ဆေးလိုက်တဲ့အခါမှာ

ဆေးခြယ်စက်ရုပ်

© Scribit / instagram

အိမ်အတွင်းပိုင်းအပြင်အဆင်ကို ခြယ်သဖို့ ထုတ်လုပ်လိုက်တဲ့ Scribit အမည်ရတဲ့ စက်ရုပ်ဖြစ်ပါတယ်။ Scribit ဟာ နံရံတွေကို semi-autonomous mode နဲ့ ဆေးခြယ်နိုင်ပါတယ်။ စက်ရုပ်မှာ ကေဘယ်ကြိုး နှစ်ကြိုး၊ အရောင်ခြယ် မှင်တံ(၄) ခုနဲ့ ခဲဖျက်တစ်ခုတို့ ပါဝင်ပါတယ်။ စက်ရုပ်ကို စမတ်ဖုန်းကနေ ခိုင်းစေနိုင်ပါတယ်။ အသုံးပြုသူတစ်ဦးအနေနဲ့ကတော့ စက်ရုပ်ကို ကိုယ်ဆေးခြယ်မယ့် ရုပ်ပုံပြပြီး ဆေးခြယ်မယ့် အကျယ်အ၀န်းနေရာကို သတ်မှတ်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။

အိမ်တွင်းဥယျာဉ်

© Sproutsio / instagram © Gearbrainhome / instagram

SproutsIO ဟာ ဥာဏ်ရည်ရှိတဲ့ ဥယျာဉ်တစ်ခုပါ။ ဟင်းသီးဟင်းရွက်နဲ့ သီးနှံပင်တွေ စိုက်ပျိုးဖို့ လိုအပ်တဲ့ အနေအထားအားလုံးကို သူက ဖန်တီးနိုင်ပါတယ်။ သူ့ထဲမှာ ပရိုဂရမ်တစ်ခုပါပြီး လိုအပ်တဲ့ရေပမာဏ၊ အပင်တွေအတွက် အာဟာရနဲ့ နေရောင်ခြည်လိုအပ်မှုစတာတွေကို တွက်ချက်ပေးနိုင်ပါတယ်။ ဒါ့အပြင် SproutsIO မှာ အသီးရဲ့ အချိုဓာတ်ကိုလည်း ကိုယ့်စိတ်ကြိုက် ထိန်းညှိနိုင်ပြီး အပင်ကြီးထွားနှုန်းကို (၃) ဆ ပိုမိုမြန်ဆန်စေတယ်လို့ သိရပါတယ်။

READ
မိုးကြိုးထိမှန်ဖူးသူတွေရဲ့ ခန္ဓာကိုယ်ပေါ်က ထူးဆန်းလက္ခဏာများ

လေစစ်မျက်နှာဖုံး

© Breaze / facebook

Breaze အမည်ပေးထားတဲ့ မျက်နှာဖုံးတွေဟာ လေထုထဲက အမှုန်အမွှားတွေ အားလုံးကို စစ်ထုတ်ပေးနိုင်ပါတယ်။ လူတွေဟာ နေ့စဉ် အသက်ရှူကြရာမှ လေထုထဲက အမှုန်အမွှားတွေက တဆင့် ဘက်တီးရီးယားပိုးတွေဟာ အသက်ရှူလမ်းကြောင်းထဲကို ၀င်လာနိုင်ပါတယ်။ Breaze မှာတော့ ရှူသွင်းလိုက်တဲ့ လေကို သန့်စင်စေတဲ့အပြင် ရှူထုတ်လိုက်တဲ့ လေဟာလည်း မျက်နှာဖုံးထဲမှာ ရေငွေ့ပျံပြီး စိုထိုင်းမနေအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ လေထုညစ်ညမ်းတဲ့ မြို့ကြီးပြကြီးမှာ နေထိုင်သူတွေအတွက်တော့ အသုံးဝင်တဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE