ဒီ စိုးရိမ်ပူပန်မှု(၅)မျိုးက ချစ်သူနှစ်ယောက်ကို ဝေးသွားစေနိုင်သတဲ့

Halfbottle/Shutterstock

အရမ်းချစ်နေကြတဲ့ ချစ်သူနှစ်ယောက်ကို မမျှော်လင့်ပဲ ဝေးသွားစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုက စိုးရိမ်ပူပန်မှုတွေပါတဲ့။ နှစ်ယောက်ကြားမှာ အဆင်ပြေနေရဲ့သားနဲ့ ဘာများဖြစ်လာမလဲ၊ ဘာတွေဖြစ်ဦးမလဲ ဆိုတဲ့ ပူပန်စိတ်တွေက လူနှစ်ယောက်ကို ဝေးသွားစေမယ့် အကြောင်းကိစ္စတွေထဲက တစ်ခု ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ဒီလို စိုးရိမ်ပူပန်မှု(၅)မျိုးထဲက တစ်ခုခုကို အချိန်တော်တော်ကြာတဲ့အထိ ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ Relationship မှာ ပြဿနာတစ်ခုခု ဖြစ်လာတော့မှာ အသေအချာပဲလို့တောင် ပြောလိုက်ပါရစေ။

(၁)။ သူ ကိုယ့်ကိုချစ်သေးရဲ့လား

ကိုယ့်စိတ်ထဲမှာ သူကိုယ့်ကို ချစ်သေးရဲ့လား၊ သူ့ရဲ့အချစ်က စပြီးချစ်တုန်းကအတိုင်းပဲဆိုတာ ဟုတ်ရဲ့လား လို့ စိုးရိမ်မိနေတာကလည်း ပြဿနာ တစ်ခုပါ။ အဲဒီ စိုးရိမ်စိတ်ဝင်လာတာနဲ့ အရင်ဆုံး ကိုယ့်စိတ်ထဲမှာ မပျော်မရွှင်ဖြစ်လာမှာဖြစ်ပြီး သူ့ရဲ့အချစ်ကို သံသယဖြစ်လာမိမှာပါ။ အဲဒီကနေ စလို့ နှစ်ယောက်ကြားမှာ စကားနာထိုးတာ၊ ခနဲ့တာ စတာတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ချစ်သူနှစ်ယောက်ကို ပိုလို့ဝေးသွားစေနိုင်ပါတယ်။

READ
ဖြူစင်တဲ့အချစ်ဆိုတာ ဒီအချက်(၅)ချက်နဲ့ပြည့်စုံတယ်
VGstockstudio/Shutterstock
(၂)။ သူ့မှာနောက်တစ်ယောက်ရှိနေသလား

သူက အရင်လိုပဲ၊ ပုံမှန်အတိုင်းပဲ ကိုယ့်ကို ဆက်ဆံနေပေမယ့် သူ့မှာ ကိုယ့်အပြင်နောက်တစ်ယောက်များ ရှိနေဦးမလားဆိုတဲ့ စိုးရိမ်စိတ်ကြီး ၀င်လာပြီဆိုရင် နှစ်ယောက်ကြားဆက်ဆံရေးမှာ ပြဿနာတွေ ရှိလာပါလိမ့်မယ်။ သူ့အပေါ် သံသယစိတ်တွေများလာမယ်၊ သူဘာပြောပြော မယုံမကြည်ဖြစ်လာမယ်၊ ဒီလိုနဲ့ နှစ်ယောက်ကြားက ဆက်ဆံရေးက ဆိုးရွားသွားစေမှာပါ။

(၃)။ ကိုယ်က သူ့အတွက် ထိုက်တန်သေးရဲ့လား

တစ်ခါတလေကျရင် စိတ်ထဲမှာတွေးမိလာတတ်တယ်။ ကိုယ်က သူ့အတွက် ထိုက်တန်သေးရဲ့လားဆိုတာကိုပေါ့။ သူက ရာထူးကြီးကြီးလည်းရထားတယ်၊ ရုပ်ကလည်းချော၊ ပိုက်ဆံကလည်းရှိ၊ ကိုယ်ကတော့ ဘာမှမဟုတ်တဲ့ သာမန်လူတစ်ယောက်။ အဲဒီလိုတွေ ခံစားရပြီဆိုရင် စိတ်ထဲမှာ အားငယ်စိတ်ဝင်လာပြီး သူ့အနားကနေ ထွက်သွားဖို့ ကြိုးစားမိတဲ့အထိ ဖြစ်လာပါလိမ့်မယ်။

Halfbottle/Shutterstock
(၄)။ သူ့ပတ်ဝန်းကျင်က ကိုယ့်ကိုသဘောမကျဘူးလား

သူ့ပတ်ဝန်းကျင်၊ သူ့မိဘအသိုင်းအ၀ိုင်းက ကိုယ့်ကို သဘောကျပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေဝင်မိနေတာကလည်း နှစ်ယောက်ကြား အဆင်မပြေစေနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပဲဖြစ်နေတဲ့သူတွေ၊ အားငယ်စိတ်ဝင်နေတဲ့သူတွေမှာ ဒီလို စိုးရိမ်စိတ်တွေရှိနေတတ်ပြီး သူနဲ့ကိုယ့်ကို လူကြီးတွေက သဘောတူပါ့မလားလို့လည်းတွေးပူနေတတ်ကြတယ်။

READ
သင့်ကောင်လေး သင့်ကိုတကယ်လက်ထပ်ဖို့အထိရည်ရွယ်ထားလား သိနိုင်တဲ့နည်းလမ်း(၆)ခု
(၅)။ ဘယ်လောက်ကြာကြာဆက်တွဲရဦးမှာလဲ

သူနဲ့ကိုယ်နဲ့ နောက်ထပ် ဘယ်လောက်ကြာကြာဆက်တွဲရဦးမှာလဲ၊ ဒီလိုမျိုးချစ်နေရတာ ဘယ်လောက်ကြာကြာခံမှာလဲ လို့ မေးခွန်းတွေ ကိုယ့်ဘာသာ ထုတ်နေတတ်ပြီး စိုးရိမ်နေတတ်တာကနေ နှစ်ယောက်ကြား ပြဿနာတွေ များလာနိုင်ပါတယ်။ တကယ်တော့ ချစ်သူနှစ်ယောက် အချိန်အကြာကြီး တွဲနေနိုင်ဖို့ဆိုတာ ကံကြမ္မာနဲ့၊ ဖူးစာနဲ့ စတာတွေနဲ့လည်း ဆိုင်သေးတယ်လေ။ ကိုယ်မမြင်ရတဲ့အရာကြီးကို ကြိုတွေးပြီး စိတ်ပူနေမယ့်အစား လက်ရှိအချိန်လေးမှာ ပျော်အောင်နေပြီး အများကြီး ချစ်လိုက်ကြရအောင်ပါ။

Halfbottle/Shutterstock

Linn

SHARE