အသည်းကွဲခြင်းကနေ ရရှိနိုင်တဲ့ ရှားရှားပါးပါးကောင်းကျိုး(၅)ခု

solominviktor/Shutterstock

အသည်းကွဲတာပဲ ဘယ်လိုလုပ်ကောင်းကျိုးရှိမှာလဲ လို့ မေးကောင်း မေးချင်ပါလိမ့်မယ်။ ဟုတ်ပါတယ်၊ အသည်းကွဲတယ်ဆိုမှတော့ ဘယ်သူက ပျော်ပျော်ရွှင်ရွှင်နဲ့  ဟေးလားဝါးလား လုပ်နေနိုင်မှာလဲ။ ဒါပေမယ့်လည်း အဲဒီလို မပျော်ရွှင်ရတဲ့ အသည်းကွဲမှုထဲကမှ ရှားရှားပါးပါးရနိုင်တဲ့ ကောင်းကျိုးလေးတွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့….

(၁)။ ပိုက်ဆံအကုန်အကျ ပိုသက်သာတယ်

ချစ်သူမရှိခြင်းရဲ့အကောင်းဆုံးအကျိုးပါပဲ။ ရည်းစားမရှိတဲ့လ နဲ့ ရည်းစားရှိတဲ့လ ကို နှိုင်းယှဉ်ကြည့်စမ်းပါ။ သင့်ရဲ့ပိုက်ဆံတွေက ဘယ်လောက်မြန်မြန်ကုန်သွားသလဲဆိုတာ တွေ့ရလိမ့်မယ်။ ရည်းစားက လမ်းခွဲသွားလို့ အသည်းကွဲနေပြီဆိုရင် ပူဆွေးမနေနဲ့ ပိုက်ဆံကုန်သက်သာသွားပြီလို့သာ တွေးပါ။ လွယ်တော့မလွယ်ဘူး၊ လွမ်းစရာကို ပိုက်ဆံနဲ့ဖြေရတာပေါ့။

Dean Drobot/Shutterstock
(၂)။ ကိုယ်ကြိုက်တဲ့အရာတွေကို သဘောရှိလုပ်နိုင်ပြီ

ရည်းစားဘ၀တုန်းက သူမကြိုက်လို့ မလုပ်ခဲ့ရတဲ့ ကိစ္စတွေကို အခုတော့ သဘောရှိလုပ်နိုင်ပြီလေ။ သူက ကိုယ်ဂိမ်းဆော့တာမကြိုက်လို့ ဂိမ်းဆော့ဖို့အချိန်တွေနည်းခဲ့တာ၊ သူငယ်ချင်းတွေနဲ့သွားသောက်တာမကြိုက်လို့ မသွားခဲ့ရတာ တွေကို သူနဲ့ ပြတ်သွားတဲ့နောက် အေးဆေး ပြန်လုပ်နိုင်ပြီ။ တစ်ဖက်က သူ့ကို စွန့်လွှတ်လိုက်ရတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ကိုယ်ကြိုက်တာလေးတွေ ပြန်လုပ်လို့ရပြီ။

READ
ကောင်မလေးတွေ ဘာလို့ ရစ်တာလဲ
(၃)။ ပိုပြီးအဆင်ပြေမယ့် ချစ်သူတစ်ယောက်ကို ရှာနိုင်တော့မယ်

ကမ္ဘာကြီးမှာ ကိုယ့်ကိုချစ်မယ့်သူဟာ သူတစ်ယောက်တည်းမဟုတ်ဘူးလို့သာ တွေးပါ။ ဘယ်လောက်ပဲ အသည်းကွဲတယ်ပြောပြော နောက်ထပ် ရည်းစားတစ်ယောက်ကတော့ အချိန်မရွေးရနိုင်သေးတာပဲလေ။ ဒီတော့ ကိုယ်နဲ့ပိုပြီးအဆင်ပြေမယ့်၊ ကိုယ့်ကိုပိုပြီးနားလည်ပေးမယ့် ချစ်သူတစ်ယောက်ကို ရှာနိုင်တော့မယ်လို့ပဲ တွေးနေလိုက်ပါ။ အချိန်အကြာကြီးအသည်းကွဲမနေပါနဲ့တော့။

Nejron Photo/Shutterstock
(၄)။ အချစ်ဆိုတဲ့အကြောင်းကို ကောင်းကောင်းသိသွားပြီ

လူတွေက အသည်းကွဲဖူးမှသာ အချစ်ဆိုတာကို ကောင်းကောင်းနားလည်သွားကြသတဲ့။ ဒီတော့ သင် အသည်းကွဲတယ်ဆိုတာ အချစ်ဆိုတာကို ပိုပြီးနားလည်ဖို့ ဖြစ်လာတယ်လို့ပဲ တွေးလိုက်ပါ။ တစ်ခါတစ်လေကျရင် အချစ်ဆိုတာ ကိုယ်ထင်သလောက်မလွယ်ဘူး၊ ကိုယ်ချစ်သလောက်လည်း ပြန်အချစ်ခံရမယ်လို့ မျှော်လင့်ထားလို့မရဘူး…စတာတွေပေါ့။

(၅)။ ကိုယ့်အားကိုယ် ကိုးတတ်လာမယ်

အရင်တုန်းက တစ်ခုခုဆို ချစ်သူနဲ့အတူလုပ်နေသမျှ၊ ချစ်သူကို တိုင်ပင်မိနေသမျှဟာ အသည်းကွဲပြီးတဲ့နောက် ဘာမှမဟုတ်ဘူးဆိုတာကို သိလာမှာပါ။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ကိုယ့်ဘာသာကို ဖြေရှင်းတတ်လာမယ်၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို တစ်ယောက်တည်း ချတတ်လာမယ်၊ အဲဒါကတော့ အသည်းကွဲခြင်းရဲ့ ရှားရှားပါးပါး ကောင်းကျိုးတွေပဲ ဆိုပါတော့…။

READ
ကိုယ့်ရဲ့Crushကောင်လေး ကိုယ့်ကိုစိတ်ဝင်စားအောင် ဘယ်လိုလုပ်မလဲ?
lassedesignen/shutterstock

Linn

SHARE