တစ်ခါတလေကျရင် ကိုယ့်အနီးမှာရှိနေသူက ကိုယ်နဲ့စိတ်ချင်းဆက်သွယ်နေတယ်လို့ ခံစားမိလာတာမျိုးတွေဖြစ်ဖူးလား။ ကိုယ်နဲ့တစ်ခါမှ အပြင်မှာမတွေ့ဖူးပဲ အွန်လိုင်းမှာ စကားပြောနေတဲ့ တစ်ယောက်ယောက်ကို ကိုယ်နဲ့စိတ်ချင်းဆက်သွယ်နေသူလို့ ထင်လာတာမျိုးဆိုလည်း မကြာခဏ ဖြစ်နိုင်တာတွေပါ။ အဓိက ကတော့ ဒီလိုအချက်တွေကို အခြေခံပါလိမ့်မယ်။
(၁)။ အကြိုက်ချင်းတူနေကြတာ
သူနဲ့ကိုယ်က နေရာတော်တော်များများမှာ အကြိုက်ချင်းတူနေတာကလည်း သူနဲ့ကိုယ့်အကြား စိတ်ချင်းဆက်သွယ်နေသလားလို့ ထင်မိစေပါတယ်။ အပြာရောင်ကြိုက်တာချင်းတူတယ်၊ ကဗျာတွေကြိုက်တာချင်းတူတယ်၊ ဂျင်းဘောင်းဘီတွေကြိုက်တာချင်းတူတယ်…စသဖြင့် နှစ်ယောက်ကြားမှာ ကြိုက်တဲ့ကိစ္စတော်တော်များများ တူညီနေတာကလည်း သူဟာ ကိုယ်နဲ့ စိတ်ချင်းဆက်နေသူလို့ ထင်မိစေတယ်။

(၂)။ သူရောကိုယ်ပါ တစ်ခုခုကိုတပြိုင်တည်းလုပ်နေမိတာ
ကိုယ်က ဒီဖက်မှာ အခန်းသန့်ရှင်းရေးလုပ်နေရင်း သူ့ကိုဖုန်းဆက်လိုက်ချိန်မှာ သူကိုယ်တိုင်ကလည်း အခန်းသန့်ရှင်းရေးလုပ်နေတာမျိုး။ အဲဒီလိုမျိုး တစ်ခုခုကို တပြိုင်တည်းအတူလုပ်နေမိတာမျိုးတွေကို မကြာခဏ ကြုံလာနေရရင်လည်း ကိုယ်က သူနဲ့ စိတ်ချင်းဆက်နေတယ်လို့ ထင်လာမိတယ်။ တစ်ခါတလေကျရင် ကိုယ်က ပြတင်းပေါက်ကနေ အပြင်ကို ငေးနေတဲ့အချိန်၊ သူ့ကိုဖုန်းဆက်လိုက်လို့ သူကလည်း အဲဒီလိုမျိုးငေးနေတယ်ဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ တမျိုးဖြစ်သွားပြီး သူက ကိုယ်နဲ့အနီးဆုံးမှာ ရှိနေတယ်လို့ ထင်မိလာတတ်တယ်မို့လား။

(၃)။ အမြင်ချင်းတူနေတာ
သူက စာအုပ်တစ်အုပ်ကို ဖတ်ပြီးလို့ အဲဒီစာအုပ်အပေါ် အမြင်ကို ကိုယ့်ကိုလာပြောတဲ့အခါ ကိုယ်နဲ့အမြင်ချင်းတူနေတာကလည်း တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ စာအုပ်မှ မဟုတ်ဘူး။ တခြားအရာတွေ တော်တော်များများမှာလည်း သူက ကိုယ်တွေးနေတဲ့အတိုင်း တွေးမိနေတယ်၊ ကိုယ်မြင်နေတဲ့အမြင်အတိုင်း မြင်နေတယ်ဆိုတာ သိလိုက်ရရင် သူနဲ့ကိုယ် စိတ်ချင်းဆက်သွယ်နေပြီလို့ သေချာပေါက် ထင်မိတော့မှာပဲလေ။
(၄)။ ကိုယ်ဘာမှပြောစရာမလိုပဲ သူက နားလည်နေတာ
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားမှု တစ်ခုခုကို ပြောပြစရာမလိုပဲ သူက နားလည်နေတာကလည်း နွေးထွေးတဲ့ ခံစားမှု တစ်ခု ဖြစ်သွားစေပါတယ်။ တစ်ခုခုကြောင့် ကိုယ်အဆင်မပြေဖြစ်နေတယ်ဆိုရင် ပြောစရာမလိုလောက်အောင်ကို သူက သိနေတယ်၊ ကိုယ်တစ်ခုခု လိုချင်နေပြီဆိုရင်လည်း အဲဒါကို လိုချင်နေတဲ့အကြောင်း သူက နားလည်တယ်။ ဒါတွေက သူ့အနေနဲ့ ကိုယ့်စိတ်ကို ဘယ်လောက်နားလည်သလဲဆိုတာ ပြနေတာပါပဲ။

Linn