ဝေဟင်ကနေ (၄၅)မိနစ်သာကြည့်ပြီး နယူးယောက်မြို့ပုံကို အလွတ်ဆွဲပြနိုင်ခဲ့သူ

ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Stephen Wiltshire ဟာ New York မြို့ကို ဝေဟင်ကနေ ရဟတ်ယာဉ်နဲ့ (၄၅)မိနစ်ကြာကြည့်ရှုခဲ့ပြီး မြို့ရဲ့ကောင်းကင်က မြင်ရတဲ့ပုံကို အလွတ်ရေးဆွဲပြခဲ့ပါတယ်။

Stephen Wiltshire ဟာ နယူးယောက်မြို့ရဲ့ ဝေဟင်ပုံတူကို အောက်တိုဘာ (၁၁)ရက်ကနေ (၁၅)ရက်အထိ (၅)ရက်ကြာ မနားတမ်းရေးဆွဲခဲ့တာဖြစ်တဲ့အကြောင်း Dailymail သတင်းစာမျက်နှာကနေသိရှိရပါတယ်။

ပြီးစီးသွားတဲ့ အချောသတ်ပုံကို ပြီးခဲ့တဲ့ တနင်္လာနေ့က နယူးယောက်မြို့က Empire State Building မှာ လက်မှတ်ထိုးပွဲအခမ်းအနားနဲ့ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ Empire State Building ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Anthony E Malkin က Wiltshire ဟာ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ပါရမီရှင် ဖြစ်ကြောင်း၊ အခုလို သူ့ရဲ့ ခဲပန်းချီကို Empire State Building မှာ နေထိုင်ရင်းရေးဆွဲခဲ့တာဟာ အလွန်ဂုဏ်ယူစရာဖြစ်ကြောင်းနဲ့ ရေးဆွဲနေစဉ်မှာ သူတို့ရဲ့ ဧည့်ပရိသတ်တွေကိုကြည့်ရှုခွင့်ပြုခဲ့တာဟာ သူတို့အတွက်တော့ တစ်သက်မှာတစ်ခါရခဲတဲ့အခွင့်အရေးဖြစ်ကြောင်း ပြောပြသွားပါတယ်။

READ
မြွေငယ်တစ်ကောင်ရဲ့အရွယ်အစားလောက်ရှိသော တီဘီလူးကြီးများကိုတွေ့ရှိ

အချောသတ်ပုံဟာ အကြမ်းအားဖြင့် ပြခန်းနံရံ ခပ်ကြီးကြီးအရွယ်အစားလောက်ရှိပြီး Manhattan မှာရှိတဲ့ အဆောက်အဦတွေ အသေးစိတ်ကို ဘောပင်နဲ့ ခဲတံသာသုံးပြီး သပ်ရပ်စွာရေးဆွဲခဲ့တာပါ။ ပြင်ညီမျက်နှာပြင်မှာရေးဆွဲပေမယ့်လည်း အသေးစိတ်ခြယ်မှုန်းမှုတွေနဲ့ မြင်ကွင်းကျယ်ပုံစံက ကြည့်ရှုသူတွေကို ရဟတ်ယာဉ်ပေါ်ကနေ ကြည့်နေသလိုမျိုး ခံစားစေနိုင်မှာဖြစ်ပါတယ်။

Wiltshire ဟာ ငယ်စဉ်ကတည်းက ပန်းချီပါရမီကို ထုတ်ဖော်ပြသနိုင်ခဲ့သူဖြစ်ပြီး (၈)နှစ်သား အရွယ်ကတည်းက ဗြိတိန်ဝန်ကြီးချုပ်က ချီးမြှင့်တဲ့ ဆုတံဆိပ်တွေရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်မှာ အနုပညာလုပ်ငန်းနဲ့ပတ်သတ်ပြီး စွမ်းစွမ်းတမံဆောင်ရွက်မှုကြောင့် ဗြိတိန် အဲလိဇဘက်ဘုရင်မကြီး ချီးမြှင့်တဲ့ OBE (Order of the British Empire) ဘွဲ့ကို ရရှိခဲ့ပါသေးတယ်။ Wiltshire ဟာ အဲဒီနှစ်နှောင်းပိုင်းမှာ လန်ဒန်မြို့က Royal Opera Arcade မှာ ပန်းချီပြခန်းတစ်ခု တည်ထောင်ခဲ့ပါတယ်။

READ
နိုင်ငံခြားသားတွေကို နိုင်ငံရဲ့အထင်ကရနေရာတွေဆီ သွားလည်ခွင့်ပိတ်ပင်လိုက်တဲ့ ဂျပန်

Wiltshire ဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားက မြို့တွေဖြစ်တဲ့ Tokyo ၊ Madrid ၊ Dubai ၊ Jerusalem ၊ Sydney ၊ Shanghai ၊ Istanbul ၊ Mexico City နဲ့ Rome တို့ရဲ့ ကောင်းကင်ပုံတူတွေကိုလည်း ရေးဆွဲခဲ့ပါသေးတယ်။ ဆွဲခဲ့တဲ့အထဲမှာ သူအကြိုက်ဆုံးက သူ့ရဲ့ဇာတိ လန်ဒန်မြို့ပြီးရင် New York City Skyline ပုံတူဖြစ်တယ်လို့ Wiltshire ကဆိုခဲ့ပါတယ်။

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE