ရှေးဟောင်း ပစ္စည်းတွေနဲ့ အမွေအနှစ်တွေဟာ လူသားတိုင်းအတွက် တော်တော်ကို အရေးပါတဲ့ အရာတွေပါ။ ဒါကို ဒီဖက်ခေတ် လူငယ်တစ်ချို့က ရှေးဟောင်းပစ္စည်းတွေ၊ ရှေးဟောင်းအမွေအနှစ်တွေဆိုတာ ဘာမှတန်ဖိုးမရှိ၊ အသုံးမဝင်တဲ့ အမှိုက်တွေလို့ မြင်ကြပါတယ်။ တစ်ကယ်တမ်းတော့ နိုင်ငံတစ်နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေဆိုတာ တစ်ချိန်တုန်းက လူတွေ ဘယ်လိုတွေ ပြုမူနေထိုင်ခဲ့သလဲ၊ ဘာတွေကို ဘယ်လိုလုပ်ခဲ့ကြလဲ၊ ဒီဖက်ခေတ်လို စက်ကရိယာပစ္စည်းတွေ မရှိပဲ ဘယ်လိုအသက်ရှင်နေထိုင်လာကြလဲ အစရှိတဲ့ အသိပညာတွေကို လေ့လာသိရှိခွင့်ရတဲ့ အရာတွေပါပဲ။
အခုလည်း မကြာသေးခင်အချိန်တုန်းက အမေဇုန်သစ်တောထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်ခန့်ကလို့ ယူဆနိုင်တဲ့ ကျောက်သားနံရံဆေးရေးပန်းချီလက်ရာတွေကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါ ရှာဖွေတွေ့ရှိမှုကို ဦးဆောင်ခဲ့သူတွေကတော့ အင်္ဂလန်နိုင်ငံရှိ Exeter တက္ကသိုလ်မှ Dr. Mark Robinson ဦးဆောင်တဲ့ သုတေသနအဖွဲ့ပဲ ဖြစ်ပါတယ်။ အဆိုပါ နံရံဆေးရေးပန်းချီတွေကို ဘရာဇီးနိုင်ငံ၊ Serrania La Lindosa ဒေသအနီးရှိ အမေဇုန်သစ်တောကြီးထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ နံရံဆေးရေးပန်းချီတွေထဲမှာတော့ လူပုံစံတွေ၊ သမင်ပုံတွေ၊ မိကျောင်းပုံတွေ၊ မျောက်ပုံတွေ၊ လင်းနို့ပုံတွေ၊ အဆောက်အဦးပုံစံတွေအပြင် ရှေးခေတ်လူသားတွေရဲ့ နေထိုင်မှုပုံစံတွေ၊ အမဲလိုက်ပုံတွေနဲ့ မီးပုံပွဲကျင်းပနေတဲ့ ပန်းချီးမျိုးတွေ ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါ ပန်းချီလက်ရာတွေဟာ ကျောက်ဆောင်ကြီးတွေရဲ့ နံရံတွေပေါ်မှာ ရေးဆွဲထားတာဖြစ်ပြီး အနည်းဆုံး ၈ မိုင်ခန့် ရှည်လျားတဲ့ ရှေးခေတ်ပန်းချီရေးဆွဲမှုတစ်ခုဖြစ်ကြောင်း သိရပါတယ်။
“တစ်ကယ့် ရှာဖွေတွေ့ရှိမှုကြီး တစ်ခုပါပဲ။ သိပ္ပံပညာရှင်တွေအရဆိုရင်တော့ ဒီကျောက်သားပန်းချီလက်ရာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၅၀၀ အထက် သက်တမ်းရှိပြီလို့ ဆိုပါတယ်။ ဒီပန်းချီကားတွေထဲကနေပြီးတော့ အဲဒီခေတ်က လူတွေရဲ့ အသက်ရှင်နေထိုင်မှုပုံစံတွေနဲ့ သူတို့ရဲ့ စရိုက်လက္ခဏာတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုနဲ့ ပတ်သတ်ပြီးတော့ ဒီဇင်ဘာလအတွင်း Channel 4 ရုပ်သံလိုင်းကနေ “Jungle Mystery: Lost Kingdoms of the Amazon”ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary စီးရီးတွေကို တင်ဆက်ပြသပေးသွားမှာ ဖြစ်ပါတယ်”လို့ Dr. Mark Robinson က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw