ဝူဟန်ဗိုင်းရပ်စ်ကြောင့် အလုပ်ခွင်ပြန်ဆင်းခဲ့တဲ့ (၈၆)နှစ်အရွယ် အငြိမ်းစားဒေါက်တာကြီး

Weibo/周前

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပျံ့ပွားလာတဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာ အခုဆိုရင် သမုဒ္ဒရာခြားတဲ့ ဥရောပနိုင်ငံတွေဆီအထိ ပျံ့နှံ့နေပါပြီ။ ဝူဟန်ဗိုင်းရပ်အတွက် တရုတ်မှာတော့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ နှစ်သစ်ကူးမှာတောင် နားရက်မရဘဲ တိုက်ဖျက်ရေးစင်တာတွေမှာ နေ့မနား ညမနား လုပ်ဆောင်နေကြပါတယ်။

အခုလည်း အငြိမ်းစားယူပြီး အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေတဲ့ တရုတ်ဆရာဝန်ကြီးတစ်ဦးကတော့ ရှေ့တန်းရောက်နေတဲ့ ဒေါက်တာတွေအတွက် အထောက်အကူ နည်းနည်းမှ ရရဆိုပြီးအန္တရာယ်ရှိတဲ့ ကူးစက်ရောဂါနယ်ပယ်အတွင်းကို ပြန်ပြီး ဝင်ခဲ့ကြောင်း တရုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ Orient Daily က ဖော်ပြခဲ့ပါတယ်။ ဆရာဝန်ကြီးဟာ အသက်(၈၆)နှစ်တောင် ရှိနေပါပြီ။

Weibo/周前

သူ့အမည်ကတော့ ပါမောက္ခ Dong ဖြစ်ပြီး၊ ကလေးအထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ကိုယ်တိုင်က ဝှီးချဲကို အသုံးပြုပြီး သွားလာနေရပေမယ့် အရေးကြုံလာတော့ သူ့မှာ မနေသာတော့ပဲ Wuhan Children’s Hospital ဆေးရုံမှာ ကုသရေးပိုင်း ပြန်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ပါမောက္ခ Dong ဟာ ယမန်နှစ်တုန်းကတည်းက လမ်းလျှောက်တိုင်း အမောဖောက်တဲ့အတွက် ရွေ့လျှားသွားလာဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ခက်ခဲပင်ပန်းမှုတွေက အဖိုးရဲ့ ဆရာဝန်စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ပါဘူး။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့ အခုအချိန် ဝန်ထမ်းအင်အားနဲ့ လူနာအင်အား ဘယ်လိုမှ မမျှတတဲ့အတွက် ဒုက္ခအလွန်ရောက်နေချိန် သူက အုတ်တစ်ချပ် သဲတစ်ပွင့်ပါ။

ကလေးဆေးရုံမှာလည်း အခြေအနေ အလွန်ဆိုးရွားနေကြပြီး၊ လူနာခုတင်လွတ် မရှိတော့ပါဘူး။ ဒေါက်တာတွေ သူနာပြုတွေလည်း နားချိန်မရှိ အပြေးအလွှား လုပ်နေရပါတယ်။ ပါမောက္ခ Dong ဟာ ဝှီးချဲနဲ့ လူနာတွေကို လှည့်ပတ်ကြည့်ရှုစစ်ဆေးပေးနေပြီး၊ တစ်ချို့လူနာတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ အကြံပေးတာတွေ လုပ်ပေးနေပါတယ်။

Weibo/周前

သူ့အသက်အရွယ်အရ ဗိုင်းရပ်စ်ကူးစက်ခံနိုင်ရခြေ ပိုပြီးနီးစပ်ပေမယ့် ပါမောက္ခ Dong ကတော့ ဘာမှ မကြောက်ပါဘူး။ သူ့အနေနဲ့ ဒီသက်တမ်းတစ်လျှောက် အသက်တွေအများကြီး နေလာခဲ့ရပြီးပြီလို့ဆိုပါတယ်။ ဒီအတွက် လိုအပ်တဲ့အခါ ပေးဆပ်ဖို့ ပြင်ဆင်ထားပါသတဲ့။ သူဟာ မောလွန်းနေပေမယ့် လူနာတွေ တစ်ယောက်ပြီးတစ်ယောက် ကြည့်ပေးနေခဲ့ပါတယ်။

သူက “ ဒါက နောက်အလုပ်တစ်ခုပေါ့ ”လို့ ပြောပါတယ်။ အခြေအနေဆိုးရွားလွန်းလို့ ဝူဟန်ကို တရုတ်အာဏာပိုင်တွေက ဇန်နဝါရီ (၂၃)မှာ ဝင်ထွက်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ တော်တော်များများကတော့ ဒီပြဿနာကို မကြာမီ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒီလိုပဲ ဆေးဘက်ဆိုင်ရာ အကူအညီတွေလည်း နေရာတိုင်းမှာ လိုနေပါတယ်။

လင်းသုတ

SHARE