သုံးပြီးသားပစ္စည်းဟောင်းတွေကိုသာ တင်ရောင်းနေတဲ့ဆွီဒင်မှ စူပါမားကတ်

Reutna

စက်ရုံတွေဟာ နေ့စဉ်ရက်ဆက် လူအသုံးအဆောင်ပစ္စည်းတွေကို မီလီယံနဲ့ချီထုတ်လုပ်နေကြပါတယ်။ ဒီလိုထုတ်လုပ်ဖို့အတွက် ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှုဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေ၊ မီးခိုးတွေ၊ ဓာတုဓာတ်တွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့စွန့်ထုတ်နေပါတယ်။

ယခုခေတ်နောက်ပိုင်း အဖွဲ့စည်းလိုက်အနေနဲ့ရော တစ်ဦးချင်းအနေနဲ့ရော သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားရမှန်း သိလာကြပါပြီ။ အမှိုက်ကောက်မှ အဖွဲ့အစည်းနဲ့လိုက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုပါဝင်လုပ်ဆောင်မှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာမဟုတ်ပါဘူး။

အနည်းဆုံး အမှိုက်ကလေးသေချာစွန့်ပစ်ပေးတာ၊ အတတ်နိုင်ဆုံး ပလတ်စတစ်လျှော့သုံးတာ၊ ကိုယ့်ကြောင့် ဘယ်အပင်မှ မပျက်ဆီးစေတာမျိုး စတဲ့ အပမ်းမကြီးတဲ့ နည်းလမ်းလေးတွေနဲ့လည်း ပတ်ဝန်းကျင်ထိန်းသိမ်းလို့ရပါတယ်။ ဒီအပြင် ကိုယ့်အတွက် အသုံးစရိတ်လည်း အလိုလိုလျော့ကျစေပြီး ပတ်ဝန်းကျင်လည်း ထိန်းသိမ်းပြီးသားဖြစ်စေတဲ့ နည်းလမ်းတစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ သုံးပြီးသားပစ္စည်းကို ပြန်သုံးခြင်းပါ။

အဝတ်အစား၊ အသုံးအဆောင်၊ အိမ်တွင်းပစ္စည်းတွေကို တတ်နိုင်သလောက်အသစ်ထပ်မဝယ်ဘဲ သုံးပြီးသားပစ္စည်းတွေကို ဝယ်ယူခြင်းပါ။ အာရှနိုင်ငံတွေမှာတော့ ဒီလိုမျိုးဝယ်ယူတယ်ဆိုတာ ဘေထုတ်ဆိုပြီး အထင်အမြင်သေးကြပေမယ့် အနောက်နိုင်ငံတော်တော်များများမှာတော့ ချမ်းသာ၊ ဆင်းရဲမရွေး ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ second hand ပစ္စည်းတွေကို တွင်တွင်ကျယ်ကျယ် ပြန်လည်အသုံးပြုလာကြပါပြီ။

ဒါကို Thrift လုပ်တယ်လို့ခေါ်ပါတယ်။ YouTube မှာလည်း အခုတလော thrifting လုပ်တဲ့ ဗီဒီယိုတွေခေတ်စားနေပါတယ်။ Thrifting လုပ်ခြင်းဖြင့် မိမိအသုံးစရိတ်ကို လျှော့ချနိုင်သလို ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်မှာပါ။

READ
ကွဲထွက်လာတဲ့ ကျောက်သားတုံးကြီးအန္တရာယ်က ကပ်လွတ်ခဲ့တဲ့ တောင်တက်သမား

Thrift လုပ်လို့ရတဲ့ နေရာတော်တော်များများဟာ ဂိုထောင်ပုံစံနဲ့ သာမန်အပြင်အဆင်မျိုးတွေသာ ရှိတတ်ပါတယ်။ သို့ပေမယ့် ဆွီဒင်ကဆိုင်တစ်ဆိုင်ကတော့ ပုံမှန်မြင်တွေ့နေကျ thrift store တွေနဲ့ မတူပါဘူး။

အပြင်အဆင်ကို ကြည့်မယ်ဆိုရင် ဈေးဝယ်စင်တာတစ်ခုနီးနီး သားသားနားနားပြင်ဆင်ထားပါတယ်။ ဆိုင်ရဲ့အတွင်းဒီဇိုင်းတွေကိုကြည့်မယ်ဆိုရင်လည်း လုံးဝကို ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မီနေတာကို တွေ့ရမှာပါ။ အဝင်အဝက သစ်ပင်ပုံစံ မီးဆိုင်းကြီးနဲ့ ဧည့်သည်တွေထိုင်ဖို့ စက်ဝိုင်းပုံသဏ္ဍာန် ထိုင်ခုံတန်းဟာလည်း recycle လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ ပြန်လည်တည်ထွင်ထားတာပါ။

ဒီ shopping mall ရဲ့ တည်ထောင်သူပိုင်ရှင်ကတော့ Anna Bergstorm ပါ။ သူမဟာ ဖက်ရှင်ကိုသိပ်ရူးသွပ်သူတစ်ဦးဖြစ်ပေမယ့် ပစ္စည်းအသစ်တစ်ခု ဝယ်လိုက်တိုင်း ကမ္ဘာကြီးအတွက် အသုံးမဝင်တဲ့အရာတစ်ခုကို လုပ်မိလိုက်သလို ခံစားရတယ်လို့ပြောပါတယ်။

BBC

Anna ရဲ့ shopping mall မှာတော့ ဆိုင်ခန်း (၁၄) ခန်းရှိပြီး ရောင်းချနေတဲ့ပစ္စည်းအားလုံးဟာ အသစ်တွေမဟုတ်ပါဘူး။ အကျီင်္အဝတ်အစား၊ ဖိနပ်၊ အိတ်၊ လက်ဝတ်လက်စားတွေအပြင် စာအုပ်ဆိုင်၊ ကလေးအရုပ်ရောင်းဆိုင်၊ အပင်ဆိုင်၊ မီးဖိုချောင်သုံးပစ္စည်း၊ အိမ်တွင်းအလှဆင်ပစ္စည်းတွေအပါအဝင် second hand များကို ရောင်းချပေးနေပါတယ်။

စင်တာရဲ့နာမည်ကတော့ ReTuna လို့ အမည်ရပါတယ်။ Tuna ဆိုတာ စင်တာဖွင့်ထားတဲ့ Eskilstuna မြို့ရဲ့ နာမည်အတိုကောက်ဖြစ်ပြီး Re ဆိုတာကတော့ Repurposed, Reuse နဲ့ Recycle ကို ကိုယ်စားပြုပါတယ်။ ReTuna ကို Eskilstuna မြို့ရဲ့တာဝန်ရှိသူများကိုယ်တိုင်ကိုက ထောက်ခံအားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။

READ
အာဖဂန်ဗလီတစ်ခုမှာ အသေခံဗုံးခွဲမှုကြောင့် 64 ဦး ဒဏ်ရာရ၊ 29 ဦး အထိသေဆုံး

စင်တာရဲ့အဆောက်အဦးကိုလည်း ကုန်သွယ်ရေးမှာအသုံးပြုခဲ့တဲ့ ကွန်တိန်နာအဟောင်းတွေကို အသုံးပြုကာ ဆောက်လုပ်ထားတာပါ။ ကိုယ်အသုံးအလိုလို့ စွန့်ပစ်လှူဒါန်းလိုက်တဲ့ပစ္စည်းဟာ သူတစ်ပါးအတွက်တော့ သိပ်ကိုအသုံးဝင်တဲ့ပစ္စည်းဖြစ်သွားနိုင်ပါတယ်။ ReTuna မှာ ပစ္စည်းဝယ်တာတင် လုပ်လို့ရတာမျိုးမဟုတ်ဘဲ အသုံးမလိုတော့တဲ့ပစ္စည်းကို လာရောင်းချင်ရင်လည်း ဈေးတစ်ခု သတ်မှတ်ပေးကာ ရောင်းလို့ရသလို၊ လှူချင်တယ်၊ ပစ်ချင်တယ်ဆိုရင်လည်း လက်ခံနေပါတယ်။

ပစ္စည်းတစ်ခု ရောက်လာလို့ သူ့အတိုင်းပြန်အသုံးပြုလို့မရဘူးဆိုရင်တောင်မှ ဖြတ်ညှပ်ကပ်လုပ်ကာ အသစ်တစ်ခုပြန်လည်တီထွင် ရောင်းချပေးပါတယ်။ ဥပမာ ဒီမီးအိမ်လေးလိုပါ။ ကြည့်လိုက်ရင်တော့ မီးအိမ်လို့ ထင်ရပေမယ့် အကြေးခွံလိုအရာလေးတွေဟာ လုံးဝဝတ်လို့မရတော့တဲ့ လယ်သာဂျက်ကင်ကို ညှပ်ပြီးပြုလုပ်ထားတာပါ။ ဒါဟာ လက်တလေ ReTuna မှာ ဝယ်လိုအားအမြင့်ဆုံး ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

BBC

Anna ကတော့ သူမရဲ့ second hand စင်တာလေးကို “High Fashion Trash Shopping Mall” လို့ အမြဲတင်စားနေပါတယ်။

Source: BBC, Good Net

Penny

SHARE