ဗြိတိန်ပါလီမန်ကို ပထမဆုံးအကြိမ်ရောက်လာပြီး အမတ်တွေနဲ့ အမေးအဖြေလုပ်ခဲ့တဲ့ စက်ရုပ်

ဗြိတိန်နိုင်ငံရဲ့ ပညာရေးစနစ်မှာ စက်ရုပ်တွေကို ထည့်သွင်းအသုံးပြုနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ပါလီမန်အစည်းအဝေးမှာ စက်ရုပ်တစ်ရုပ်ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းခဲ့ပါတယ်။

ပက်ပါ(Pepper) လို့ခေါ်တဲ့ စက်ရုပ်လေးဟာ မစ်ဒယ်ဆက် တက္ကသိုလ်မှာ အသုံးပြုနေတဲ့ စက်ရုပ်ဖြစ်ပြီး သူက ပါလီမန်အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့အတွက် လွှတ်တော်ထဲကို ရောက်လာခဲ့တာပါ။

ဗြိတိန်ရဲ့ ပညာရေးကော်မတီအနေနဲ့ လက်ရှိအချိန်မှာ တက္ကသိုလ်အချို့နဲ့ စာသင်ကျောင်းတွေအတွက် စက်ရုပ်တွေကို အသုံးပြုစေခဲ့ပြီး နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ချက်တွေ ရှိနေတဲ့အပေါ် လွှတ်တော်က ဆွေးနွေးခဲ့တာပါ။

AFP

လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဖရိုက် က ပက်ပါ ကို မေးခွန်းအချို့မေးခဲ့ပြီး သူ့အနေနဲ့ စာသင်ကျောင်းတွေမှာ ဘယ်လိုဆောင်ရွက်မှုမျိုးတွေ ပြုလုပ်ပေးနေသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ပက်ပါ က စက်ရုပ်တွေဟာ လက်ရှိအချိန်မှာ အရေးပါတဲ့ အခန်းကဏ္ဍတွေကို ရောက်ရှိလာကြပြီး လူသားတွေအတွက် အများကြီး အကူအညီဖြစ်နေပြီ ဆိုတဲ့အကြောင်း ရှင်းပြသွားခဲ့ပါတယ်။ သူ့အနေနဲ့ မစ်ဒယ်ဆက် တက္ကသိုလ်မှာ ကျောင်းသားတွေအတွက် နည်းပညာဆိုင်ရာ အကူအညီတွေပေးနေကြောင်း၊ သိပ္ပံနဲ့နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်နဲ့ သင်္ချာဘာသာရပ်တွေအတွက် ကျောင်းသားတွေကို ကူညီပေးနေကြောင်း ဖြေဆိုသွားခဲ့ပါတယ်။

READ
ရာစုနှစ်အနည်းငယ်အတွင်း စက်ရုပ်များ လူသားမျိုးနွယ်ကို ဖျက်ဆီးနိုင်သိပ္ပံပညာရှင်များဆို

အဲဒီနောက် လွှတ်တော်အမတ်တွေက ပက်ပါ ကို မေးခွန်းတွေ မေးမြန်းခဲ့ကြပြီး လွှတ်တော်အမတ်တွေထဲက တစ်ယောက်ဖြစ်တဲ့ လူစီ အယ်လန်ကတော့ ပက်ပါ ဟာ တချို့လွှတ်တော်အမတ်တွေထက်တောင် အသိဥာဏ်ရှိတယ်လို့ ဟာသ လုပ်သွားခဲ့ပါတယ်။

Youtube

ပက်ပါ စက်ရုပ်တွေကို ဂျပန်နိုင်ငံရဲ့ နာမည်ကျော် SoftBank နည်းပညာ ကုမ္ပဏီကနေ ထုတ်လုပ်တာဖြစ်ပြီး တစ်ရုပ်ကို ပေါင် (၁၀,၀၀၀) ကနေ (၁၂,၀၀၀) အထိ တန်ကြေးရှိပါတယ်။

ဗြိတိန်နိုင်ငံရဲ့ တက္ကသိုလ်တွေနဲ့ စာသင်ကျောင်းအချို့မှာ ဒီ စက်ရုပ်တွေကို စတင်အသုံးပြုနေကြတာဖြစ်ပြီး သူတို့က မျက်လုံးနဲ့ ဆက်သွယ်ရုံနဲ့တင် သူတို့မှတ်ဥာဏ်ထဲမှာ ကျောင်းသားတွေရဲ့ ပုံရိပ်ကို မှတ်တမ်းတင်ထားနိုင်မှာပါ။ အဲဒီနောက်မှာတော့ ကျောင်းသားတွေသိချင်တဲ့ မေးခွန်းတွေကို ဖြေပေးတာ၊ အသက်ကြီးသူတွေကို ကူညီပေးတာ၊ စာသင်ကြားမှုတွေမှာ ကူညီပေးတာ စတဲ့အလုပ်တွေကို လုပ်ဆောင်ကြမှာပါ။

READ
ကမ္ဘာ့ပထမဆုံး ကွေးလို့ရတဲ့ စမတ်ဖုန်းအမျိုးအစား တရုတ်မှာ ထွက်ရှိ
Youtube

Siemens Digital Factory ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ဘရိုင်ယန်ဟောလီးဒေး ကတော့ ဒီအခြေအနေဟာ စာသင်ကျောင်းတွေနဲ့ နည်းပညာကုမ္ပဏီတွေ ပူးပေါင်းလုပ်ဆောင်နိုင်လာတဲ့ အခြေအနေပဲဖြစ်ပြီး ကလေးတွေရဲ့ ပညာရေးစနစ်ကို အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုလိုက်ပါတယ်။

Linn

Ref : BBC , ABC News , The Guardian

SHARE