လောင်းကစားအရှုံးတွေကြောင့် ဘောလုံးစွမ်းဆောင်ရည် ကျဆင်းခဲ့ဖူးကြောင်း ဝိန်းရွန်းနီဝန်ခံ

Twitter/WayneRooney

အင်္ဂလန်နဲ့မန်ယူအသင်းတို့ရဲ့ ဂန္ထဝင်ကစားသမားကြီး ဝိန်းရွန်းနီကတော့ အခုဆိုရင် အသက်(၃၄)နှစ်ရှိပြီဖြစ်ပြီး၊ ကစားသမားဘဝက အနားယူဖို့ အတော်လေး နီးစပ်နေပါပြီ။ သူဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီမှာ ကပ္ပတိန်အဖြစ် ပါဝင်ကစားတော့မှာ ဖြစ်ပါတယ်။

ရွန်းနီဟာ သူ့အနေနဲ့ လောင်းကစားရဲ့ ကျေးကျွန်ဖြစ်ခဲ့လို့ လောင်းကစားအရှုံးတွေက မျက်ခင်းစိမ်းပေါ်က စွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ သူဟာ မန်ယူမှာတုန်းက တစ်ပတ်ကို လုပ်ခလစာ ပေါင်(၃)သိန်းအထိ ရရှိခဲ့ဖူးပြီး၊ ငွေဝင်ကြမ်းတဲ့ ထိပ်သီးကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။

 

 

View this post on Instagram

 

Off to a winning start 🙌🐏 #dcfc

A post shared by Wayne Rooney (@waynerooney) on

သူဟာ လောင်းကစားကို အလွန်စွဲလမ်းခဲ့တာကြောင့် ငွေကြေးအမြောက်အများလည်း အများကြီး ဆုံးရှုံးခဲ့ရဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့အနေနဲ့ အစက လောင်းကစားကို အဲသလောက်ကြီး မစွဲလန်းခဲ့ဖူးဆိုပေမယ့် သူရှုံးခဲ့တဲ့ပိုက်ဆံတွေ ပြန်ရလေမလားဆိုပြီး ငွေမျောငွေနဲ့လိုက်ခဲ့ရာကနေ လောင်းကစား ကျေးကျွန် ဖြစ်ခဲ့ရတာပါတဲ့။

ရွန်းနီက “ တကယ်လို့ ခင်ဗျားက နိုင်ငံအတွက်ကော ကလပ်အတွက်ပါ ကစားနေရင်း … ကျွန်တော့်လို လောင်းကစားလုပ်ရင်း ပိုက်ဆံတွေ ဆုံးခဲ့တဲ့အခြေအနေမျိုး ရင်ဆိုင်ရမယ်ဆိုရင် … ဒီရိုက်ခက်မှုက ခင်ဗျားကိုလည်း သက်ရောက်မှုတွေ ရှိစေမှာပါ ”လို့ ပြောခဲ့ပါတယ်။

ရွန်းနီကတော့ ဘောလုံးလောင်းကစားတင် မဟုတ်ပါဘူး။ သူက မြင်းရော၊ ခွေးရော၊ ကာစီနိုမကျန် အလောင်းအစား အစုံလုပ်ခဲ့ပါတယ်။ (၅)လအတွင်း ပေါင်(၇)သိန်းအထိ ရှိခဲ့ပါတယ်။ သူဟာ (၂၀၀၈)ခုနှစ်တုန်းက ကာစီနိုတစ်ခုမှာ နှစ်နာရီအတွင်း ပေါင်(၆၅၀၀၀)အထိ ရှုံးခဲ့ဖူးပါသတဲ့။

သူက “ ကျွန်တော် ခပ်ငယ်ငယ်တုန်းက ငွေတွေ သောက်သောက်လဲ ဝင်တယ် .. မန်ယူမှာဆို အဝေးကွင်းကစားရရင် ခင်ဗျား ဟိုတယ်မှာပဲ နေရမယ် … နောက် အင်္ဂလန်မှာဆို ဟိုတယ်မှာ (၁၀)ရက်လောက် ပိတ်မိနေမယ် … ကျွန်တော်က အချိန်တွေ ကုန်ခဲတာကိုကြည့်ပြီး အတော်ညည်းငွေ့တတ်သူ … အဲဒီမှာ လောင်းကစား စစွဲလန်းတော့တာပါ … ဖုန်းနဲ့ အလွယ်တကူ လုပ်လို့ရတယ်လေ ”လို့ ပြောပါတယ်။

 

 

View this post on Instagram

 

Merry Christmas everyone 🎄🎅🏼❤️

A post shared by Wayne Rooney (@waynerooney) on

သူဟာ လောင်းကစားကို အာရုံနှစ်ခဲ့တာမို့ တစ်ခါတလေ ကိုယ်လောင်းလိုက်တဲ့ ပမာဏ ဘယ်လောက်ဆိုတာတောင် မမှတ်မိပါဘူးတဲ့။ အစကတော့ ဆက်တိုက်နိုင်ခဲ့လို့၊ ဒီနည်းက ငွေရှာရ အလွန်လွယ်တယ်လို့ ထင်ခဲ့မိပါသတဲ့။ ဒါဟာ ပုံမှန်လောင်းကစားသမားတွေ ခံစားချက်ပါ။ နောက်တော့ ရှုံးလို့ရှုံးမှန်းမသိအောင် ရှုံးနိမ့်မှုတွေ စပါတော့တယ်။

အခုတော့ ရွန်းနီဟာ လောင်းကစား မလုပ်တော့ပါဘူးတဲ့။ သူဟာ အမှားတွေကနေ သင်ခန်းစာယူနိုင်ခဲ့ပြီး၊ လောင်းကစားနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို စိတ်ကဖြတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ သင့်အနေနဲ့ လောင်းကစားကို ဆက်လုပ်နေမယ်ဆို အမြတ်ရစရာမရှိ အရှုံးသာရှိလိမ့်မယ်လို့ ဆိုပါတယ်။

သူဟာ ဒီအကြောင်းတွေကို ဒါဘီကောင်တီရဲ့စပွန်ဆာဖြစ်တဲ့ 32Red ရဲ့ Stay in Control အစီအစဉ်မှာ ပြောကြားခဲ့တာပါ။ သူဟာ ဒါဘီအသင်းနဲ့အတူ (၁၈)လ သက်တမ်းစာချုပ် ချုပ်ဆိုထားသူပါ။ ဒီစာချုပ်ကုန်ရင်တော့ သူ ဆက်ပြီး ကစားမစား နားမလားဆိုတာတော့ မသေချာသေးပါဘူး။

ရွန်းနီဟာ ဒါဘီကောင်တီအသင်းမှာ ကျောနံပတ်(၃၂)ကို ဝတ်ဆင်မှာလို့ သိရပါတယ်။ သူ ဒါဘီကိုရောက်ကတည်းက 32Red နဲ့ ဒါဘီတို့ရဲ့စံချိန်တင်စပွန်ဆာစာချုပ်လည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီအတွက် ဝေဖန်မှုတွေလည်း ရှိနေခဲ့ပြီး၊ ရွန်းနီအနေနဲ့ သူဟာ ကလေးတွေစံပြဖြစ်တာမို့ နံပတ်(၃၂)ကို ဝတ်ဆင်ဖို့ ငြင်းဆန်လိမ့်မယ်လို့ ထင်တယ်လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE