တော်ဝင်သားဦးလေးရဲ့ နာမည်ကို ကြေညာလိုက်တဲ့ မီဂန်နဲ့ ဟယ်ရီ

ဗြိတိန်ရဲ့ ဆော့စ်ဆက်မြို့စားနဲ့ မြို့စားကတော်တို့ဟာ ရိုးရာအစဉ်အလာနဲ့ မပြတ်စေရသလို ခေတ်နဲ့ လျော်ညီတဲ့ နာမည်တစ်ခုကို သားဦးလေးအတွက် ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။ မီဂန်နဲ့ ဟယ်ရီတို့ဟာ ကလေးမျက်နှာကို တစ်ကမ္ဘာလုံးဆီ ပြသပြီးတဲ့နောက်မှာတော့ တော်ဝင်ကလေးငယ်လေးရဲ့ နာမည်ဟာ တရားဝင်အင်စတာဂရမ်အကောင့်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ တော်ဝင်ကလေးငယ်ရဲ့ နာမည်ကတော့ အာချီဟာရစ်ဆန်မောင့်ဘက်တန်ဝင်ဆာ (Archie Harrison Mountbatten-Windsor)လို့ သိရပါတယ်။

instagram

ဗြိတိန်တော်ဝင်မိသားစုဟာ နာမည်ရွေးချယ်တာနဲ့ ပတ်သက်ပြီး အထူးစည်းမျဉ်းစည်းကမ်းမရှိပါဘူး။ ဒါပေမယ့် များသောအားဖြင့်တော့ ဘိုးဘေးဘီဘင်တွေရဲ့ နာမည်တွေကို အမွှန်းတင်ပြီး သူတို့ရဲ့နာမည်ကိုယူကာ မွေးလာတဲ့နောင်မျိုးဆက် ကလေးတွေကို နာမည်ပေးလေ့ရှိပါတယ်။ ဥပမာ အာသာ၊ အက်ဒွပ်၊ ဖီးလစ် စသဖြင့်ပါ။ မီဂန်နဲ့ ဟယ်ရီတို့စုံတွဲကတော့ အခြားသူတွေနဲ့ မတူပဲ အစဉ်အလာအတိုင်း ပေးလေ့ရှိတဲ့နာမည်တွေကို မရွေးချယ်ခဲ့ပဲ သူတို့နှစ်သက်တဲ့ နာမည်ကိုသာ ပေးခဲ့တာ ဖြစ်ပါတယ်။

twitter

အာချီဟာရစ်ဆန်ဆိုတဲ့ နာမည်ဟာ တော်ဝင်မိသားစုထဲမှာတော့ ဒီလိုနာမည်ပေးဖူးတာ မရှိပါဘူး။ အာချီဟာ အာချီဘော့ဒ်ဆိုတဲ့ အမည်အတိုကောက်ဖြစ်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူလို့ အဓိပ္ပါယ်ရပါတယ်။ သမိုင်းမှာတော့ မင်းသမီးဒိုင်ယာနာရဲ့ ဘိုးဘေးဘီဘင်တွေထဲမှာ အာချီဘော့ဒ်ကမ့်ပ်ဘဲလ်ဆိုတာ ရှိဖူးပါတယ်။ ဒါပေမယ့် အာချီဘော့ဒ်လို့မပေးပဲ အာချီလို့အမည်ပေးထားရတော့ ခေါ်ရလွယ်ကူတဲ့ အမေရိကန်အငွေ့အသက်ပါနေပါတယ်။ အလယ်နာမည် ဟာရစ်ဆန်ကတော့ အလယ်ခေတ်တုန်းက သုံးနှုန်းတဲ့အတိုင်းပြောရရင် ဟင်နရီရဲ့သား သို့မဟုတ် ဟယ်ရီရဲ့သားလို့ အဓိပ္ပါယ်ရပါတယ်။

READ
နှစ်တော်တော်ကြာကွာရှင်းထားပြီးမှ ပြန်လည်လက်ထပ်ခွင့်တောင်းခဲ့တဲ့ ခင်ပွန်းသည်

အာချီဟာရစ်ဆန်ဟာ နန်းဆက်(၇) ဆက်မြောက်မှ အရိုက်အရာဆက်ခံရမှာ ဖြစ်ပါတယ်။ လက်ရှိမှာအာချီကို ချက်ခြင်း မင်းသားဘွဲ့ပေးဖို့ မဖြစ်နိုင်ပါဘူး။ အာချီဟာ ဖခင်ဟယ်ရီနဲ့ ဒန်ဘာတန်အားလ်ဘွဲ့ကို ဆက်ခံနိုင်ပေမယ့် မိဘတွေကတော့ လတ်တလောမှာ ကလေးအတွက် ဘာဘွဲ့ထူးမှ အသုံးပြုဦးမှာ မဟုတ်သေးကြောင်း ဆိုထားပါတယ်။ ဒါပေမယ့်လည်း ချားလ်မင်းသားဘုရင်ဖြစ်လာတဲ့အခါမှာတော့ ဟယ်ရီရဲ့ သား အာချီဟာ အလိုအလျောက် တော်ဝင်မင်းသားဘွဲ့ကို ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: CNN, People

SHARE