မိုးရေကြောင့် တောမီးရဲ့ အကျည်းတန်မှုတွေ ပြေပျောက်ခဲ့ကြောင်း ဝေမျှခဲ့တဲ့ Russell Crowe

instagram/russellcrowe, twitter/russellcrowe

သြစတေးလျ နယူးဆောက်သ်ဝေးလ်ရဲ့ ကျေးလက်တစ်နေရာမှာ သရုပ်ဆောင် Russell Crowe ပိုင်ဆိုင်တဲ့ မြေနေရာလေးတစ်ခု ရှိပါတယ်။ မကြာခင်တုန်းက အကြီးအကျယ်လောင်ကျွမ်းတဲ့ သြစတေးလျတောမီးထဲမှာ သူ့ရဲ့ မြေနေရာလေးပါ မီးဘေးဒဏ် ခံခဲ့ရပါတယ်။ ဒါပေမယ့် တောမီးလောင်အပြီး မိုးတွေ သည်းသည်းမဲမဲ ရွာချအပြီးမှာတော့ မီးဘေးကြောင့် ညှိုးနွမ်းခြောက်သွေ့ခဲ့တဲ့ နေရာလေးဟာ ပြန်လည်စိမ်းလန်းလာတာကို Crowe က သူ့ရဲ့ တွစ်တာမှာ ဖော်ပြခဲ့တာပါ။

အော်စကာဆုရှင် Crowe က လွန်ခဲ့တဲ့ ရက်သတ္တပတ် (၁၀) ပတ်လောက်တုန်းက တောမီးမြိုက်ခံခဲ့ရတဲ့ သူ့ပိုင် မြေနေရာရဲ့ မြင်ကွင်းကို ဖော်ပြခဲ့ပါတယ်။ အဲဒီမြင်ကွင်းကိုပဲ Crowe က မိုးတွေ ရွာသွန်းအပြီး ထပ်မံ ဓာတ်ပုံရိုက်ယူကာ ပထမပုံနဲ့ ယှဉ်တွဲဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပုံမှာတော့ တွေ့ရတဲ့အတိုင်းပဲ သဘာဝပတ်ဝန်းကျင်ဟာ ယခင်နဲ့မတူပဲ ပြန်ပြီး စိမ်းလန်းစိုပြေလာတာ ဖြစ်ပါတယ်။ ကောင်းကင်တစ်ခုလုံးကလည်း ကြည်လင်နေပါတယ်။ မီးခိုးငွေ့တွေနဲ့ မှုန်မှိုင်းမနေတော့ပဲ သစ်ပင်တွေဟာ တဖန်ပြန် စိမ်းလန်းစိုပြေလာတာကိုလည်း ကြည်နူးစရာ ကောင်းစွာ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။

သြစတေးလျတောမီးအတွင်း Crowe ဟာ ဆိုရှယ်မီဒီယာကို သုံးပြီး လုပ်အားပေး မီးသတ်ဝန်ထမ်းတွေအတွက် ရန်ပုံငွေတွေ ရှာဖွေပေးခဲ့ပါသေးတယ်။ လနဲ့ချီပြီး လောင်ကျွမ်းခဲ့တဲ့ သြစတေးလျတောမီးထဲ နယူးဆောက်သ်ဝေးလ်ပြည်နယ်တစ်ခုထဲတင် လူ (၃၀) နီးပါး သေဆုံးခဲ့ပါတယ်။ အိမ်ခြေအလုံးပေါင်း (၃၀၀၀) ထောင်ကျော် ပျက်စီးခဲ့ပါတယ်။ Crowe ပိုင်ဆိုင်တဲ့ အဆောက်အဦးအချို့ဟာလည်း တောမီးထဲ ပါသွားခဲ့ပါသေးတယ်။

သြစတေးလျမှာတော့ တောမီးကြောင့် သဘာဝပန်းမာန်သစ်ပင်တွေနဲ့ တောရိုင်းတိရစ္ဆာန်အတော်များများ ဆုံးရှုံးခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိရစ္ဆာန်ကောင်ရေ တစ်ဘီလီယံလောက် မီးထဲ ပါသွားတယ်လို့ ဂေဟဗေဒပညာရှင်တွေက ခန့်မှန်းထားပါတယ်။ Crowe ဟာ အခုလထဲ ကျင်းပခဲ့တဲ့ Golden Globes အခမ်းအနားကိုလည်း မတက်ရောက်နိုင်ခဲ့ပဲ မီးဘေးအတွက် ကြောင့်ကြနေတဲ့ မိသားစုကို စောင့်ရှောက်နေခဲ့တယ်လို့လည်း CNN အရ သိရပါတယ်။

READ
စစ်ဘေးသင့်ဒေသမှ ၅နှစ်အရွယ်ကလေးတစ်ယောက်၏ရင်နင့်ဖွယ်ဓာတ်ပုံ

လင်းလင်း (ShweMom)

SHARE