အမေရိကန်စပိုင်ဂြိုဟ်တုကို နောက်ယောင်ခံ နှောက်ယှက်ခဲ့တဲ့ ရုရှားအာကာသယာဉ်နှစ်စီး

Twitter/USSpaceForce

တစ်ခြားနိုင်ငံတွေကို ထောက်လှမ်းမှုတွေ ပြုလုပ်ဖို့ အာကာသတွင်း လွှတ်တင်ထားတဲ့ အမေရိကန်ဂြိုဟ်တုကို ရုရှားအာကာသယာဉ်နှစ်စီးက နောက်ယောင်ခံလိုက်ပြီး နှောက်ယှက်ခဲ့တဲ့အတွက် တင်းမာမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို US Space Force ရဲ့ တပ်မှူးကြီးတစ်ဦးက ဖေဖော်ဝါရီလ(၁၀)ရက်နေ့က အတည်ပြုခဲ့ပါတယ်။

တပ်မှူးကြီးရဲ့အမည်မှာ ဗိုလ်ချုပ်ကြီး John Raymond ဖြစ်ပြီး၊ Space Force ရဲ့ အာကာသတွင်း အော်ပရေးရှင်းတွေနဲ့ပတ်သက်ပြီး အကြီးအကဲရာထူးကို ရယူထားသူ ဖြစ်ပါတယ်။ သူရဲ့ အတည်ပြုချက်အရ အမေရိကန် ဂြိုဟ်တုကို ရုရှားအာကာသယာဉ်နှစ်စီးက မိုင်(၁၀၀) ပတ်လည်လောက် အကွာကနေ အနှောက်အယှက်ပေးခဲ့တာပါ။

Twitter/MichaelThompson

ဒီလုပ်ဆောင်ချက်ဟာ Space Force အတွက်တော့ အလွန်မနှစ်မြို့စရာ ကိစ္စရပ်ဖြစ်သလို၊ ဒါဟာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုလည်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး John က ပြောခဲ့ကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ လက်တလောမှာတော့ ရှုရားတာဝန်ရှိသူတွေဆီ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။

ရုရှားရဲ့လုပ်ရပ်ဟာ အာကာသတွင်းမှာ စိုးရိမ်ရတဲ့ အန္တရာယ်အခြေအနေတွေကို ဖန်တီးသလိုဖြစ်စေကြောင်း ဗိုလ်ချုပ်ကြီး John က ဆိုပါတယ်။ သူက “ ဒါဟာ ပုံမှန်မဟုတ်တဲ့ … နောက်ပြီး စိတ်ညိုငြင်စရာကောင်းတဲ့ အပြုအမူပါ … နောက်ပြီး အာကာသလေဟာနယ်အတွင်းမှာ အန္တရာယ်အခြေအနေတွေ ဖန်တီးနေတဲ့ အလားအလာတစ်ခုလည်း ဖြစ်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

U.S. Air Force photo/Joshua Armstrong

ပြီးခဲ့တဲ့နှစ် နိုဝင်္ဘာက ရှုရှားဟာ အာကာသပတ်လမ်းအတွင်းကို ဂြိုဟ်တုတစ်စင်း လွှတ်တင်ခဲ့ပြီး၊ မရှေးမနှောင်းမှာပဲ နောက်ထပ် ဂြိုဟ်တုတစ်စင်း ထပ်မံလွှတ်တင်ခဲ့ပါတယ်။ ဒီဂြိုဟ်တုတွေဟာ သာမန်ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်နေတာထက်၊ အာကာသတွင်းမှာ တစ်ခြားဂြိုဟ်တုတွေကို လိုက်လံနှောက်ယှက်ဖို့ ရည်ရွယ်ပုံရတယ်လို့ ဗိုလ်ချုပ်ကြီး John က ပြောပါတယ်။

 ဗိုလ်ချုပ်ကြီး John က “ တခြားပိုင်နက်တွေမှာ ဒီလို လှုပ်ရှားမှုမျိုးတွေကို ခြိမ်းခြောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ယူဆလို့ရပါတယ် … ”လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်ဒီစီရှိ ရုရှားသံရုံးကတော့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက်စကား ပြေတာမျိုး မရှိသေးပါဘူး။

 

ရုရှားက ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ခြင်းနဲ့ ယူကရိန်း ဆီရီးယားအရေးမှာ နှစ်နိုင်ငံပါဝင်ပတ်သက်နေမှုတွေက အမေရိကန်-ရုရှား နှစ်နိုင်ငံကြား နိုင်ငံရေးတင်းမာမှု အတောမသတ်ခြင်းကိုဖြစ်စေပြီး၊ အခုလို လှုပ်ရှားနှောက်ယှက်မှုတွေကို ဆက်လက်ဖြစ်စေတာလို့ ယုံကြည်ရပါတယ်။

ဒီအာကာသယာဉ်တွေ လိုက်လံ နှောက်ယှက်နေမှုကို ဂြိုဟ်တုနဲ့ အာကာသယာဉ်ဆိုင်ရာ စိတ်ဝင်စားသူပညာရှင် Michael Thompson က စတင်ခြေရာခံနိုင်ခဲ့တာဖြစ်ပါတယ်။ သူက ဇန်နဝါရီ(၃၀)မှာ တင်ခဲ့တဲ့တွစ်တာပို့စ်မှ “ ဒါကတော့ သက်သေသက္ကာယတွေ အားလုံးဆိုပါတော့ … ဒီမှာကတော့ နောက်ထပ်အခြေအနေ များစွာရှိနေပါတယ် … ရုရှားဂြိုဟ်တုက အမေရိကန် ထောက်လှမ်းရေးဂြိုဟ်တုကို နောက်ယောင်ခံနေတာနဲ့ တူညီနေပါတယ် ”လို့ ရေးထားပါတယ်။

လင်းသုတ

SHARE