နာမည်ကျော် ဒါရိုက်တာ ညီနောင်နှစ်ဦးဖြစ်တဲ့ Joe နဲ့ Anthony Russo တို့ဟာ ၄င်းတို့ရဲ့ Netflix အက်ရှင် Mosul ဇာတ်ကားနဲ့ပတ်သက်ပြီး ISIS ရဲ့ အခြိမ်းခြောက်ခံနေရကြောင်းဖွင့်ဟပြောခဲ့တာကို indiewire အရ သိရပါတယ်။ Mosul ကို Russo Brothers တို့က ထုတ်လုပ်ပြီး Matthew Michael Carnahan က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် နိုဝင်ဘာ၁၆ရက်မှာ Netflix မှာ စတင်ပြသခဲ့ပြီး ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ လူကြည့်အများဆုံးရုပ်ရှင်ကားဖြစ်လာပါတယ်။
ဇာတ်ကားထဲမှာတော့ Suhail Dabbach နဲ့ Adam Bessa တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Mosul ဟာ အီရတ်- အာရဗီစကားနဲ့ပြောထားတဲ့ စွန့်စားရေး စစ်ကားတစ်ကားဖြစ်ပါတယ်။ မိမိတို့ချစ်ခင်ရသူတွေကို သတ်သွားခဲ့တဲ့ ISIS အဖွဲ့သားတွေကိုသုတ်သင်ရှင်းလင်းခဲ့တဲ့ SWAT ရဲတပ်ဖွဲ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။
View this post on Instagram
Dabbach ကတော့ အခုလိုဆိုပါတယ်။ “ကျွန်တော့်ဆိုရှယ်မီဒီယာပေါ်မှာ ရုပ်ရှင်ထွက်တော့မယ်လို့ ပို့စ်တင်တုန်းက တင်တင်ချင်းနေ့မှာပဲ ISIS တွေဆီက အများကြီးကြားရတယ်။ သူတို့က ဗီဒီယိုတွေအများကြီးတင်ပြီး ဆိုးဝါးတဲ့စကားတွေပြောတယ်။ သူတို့က အခု ကျွန်တော့်ကို သူတို့သိပြီတဲ့။ သတိထားလို့ပြောတယ်။ နေ့တိုင်းနေ့တိုင်း ခေါင်းနဲ့ကိုယ်နဲ့တွဲပါသေးလားဆိုတာ စစ်ကြည့်လို့ပြောတယ်။ ကျွန်တော်နေတဲ့နေရာလည်းသိတယ်။ ကျွန်တော့်ဆီလာမယ်လို့ပြောတယ်။”
Mosul ဇာတ်ကားကိုတော့ Morocco မှာဖန်တီးခဲ့တာပါ။ Russo Brothers ရဲ့ AGBO ထုတ်လုပ်ရေးကုမ္ပဏီဟာဆိုရင်လည်း ဖြစ်လာနိုင်ခြေရှိတဲ့ ISIS တွေရဲ့ခြိမ်းခြောက်မှုအန္တရာယ်တွေကနေ ရုပ်ရှင်ထဲပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေကို ကာကွယ်ပေးခဲ့တာပါ။ ရုပ်ရှင်အဖွဲ့သားတွေကို TigerSwan လုံခြုံရေးဝန်ဆောင်မှုပေးထားသလို ရုပ်ရှင်ရဲ့ ISIS storyline မပေါက်ကြားအောင်လည်း ကာကွယ်ခဲ့တာဖြစ်ပါတယ်။
Dabbach ရဲ့မိသားစုဟာလည်း အလားတူကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုမျိုးရရှိခဲ့သလို ၄င်းနဲ့ တွဲဖက်သရုပ်ဆောင်သူ Adam Besa မှာလည်း ခြိမ်းခြောက်မှုတွေရှိခဲ့ပါတယ်။ Adam Besa ကတော့ သူ့ရဲ့ အင်စတာဂရမ်ပေ့ခ်ျကြီးတစ်ခုလုံး ဗလာဖြစ်သွားခဲ့သလို WhatsApp မှာလည်း ISIS တွေရဲ့အခြိမ်းခြောက်ခံခဲ့ရကြောင်း ပြောပြသွားခဲ့ပါတယ်။
ShweMom