
အမေရိကန်နိုင်ငံရှိ Holly Wood မင်းသမီးတစ်ဦးဖြစ်တဲ့ Naya Rivera ကိုတော့ ရုပ်ရှင်ပရိသတ်တော်တော်များများ သိကြမှာပါပဲ။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Naya ဟာ မတော်တဆရေနစ်ပြီး ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ Naya မှာ သူ့ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ မင်းသား Ryan Dorsey နဲ့ ရရှိခဲ့တဲ့ သားကလေး Josey ဆိုတာ ရှိပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက Ryan ဟာ သူ့ရဲ့သားကလေး Josey ကို စောင့်ရှောက်ဖို့အတွက် ဇနီးဟောင်း Naya ရဲ့ ညီမဖြစ်သူ Nickayla ကို အကူအညီတောင်းခဲ့ပြီး အခုဆိုရင် Ryan တို့ သားအဖနှစ်ယောက်ရယ်၊ Nickayla တို့ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူနေနေကြကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အမှန်တစ်ကယ်တော့ Ryan နဲ့ Nickayla တို့ဟာ ဟိုးအရင် ရိုက်ကွင်းတွေမှာ ဆုံကတည်းက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီနေခဲ့ကြပြီး နောက်ပိုင်းမှ Nickayla ရဲ့ အမဖြစ်သူ Naya နဲ့ Ryan တို့ ဆုံတဲ့အချိန်ကျမှ တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်းဝင်ခဲ့ကြပြီး လက်ထပ်ကာ သားကလေး Josey ကို မွေးခဲ့တာဖြစ်ပါတယ်။ Josey ကို မွေးပြီး သိပ်မကြာခင်မှာ Ryan နဲ့ Naya တို့ဟာ တရားဝင်ကွာရှင်းခဲ့ကြပြီး Josey လေးကို Naya က ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ Naya တစ်ယောက် သေဆုံးတဲ့အချိန်မှာတော့ Josey လေးဟာ အသက် ၃ နှစ်သားအရွယ်သာရှိသေးပြီး အဲဒီအချိန်ကတည်းက Ryan တစ်ယောက်ဟာ Josey ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် Josey လေးဟာ ၅နှစ် ရှိနေပြီဖြစ်ပြီး သူတစ်ယောက်တည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်သိပ်မပေးနိုင်တာကြောင့် သေဆုံးသူ Naya ရဲ့ ညီမဖြစ်သူ Nickayla ကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ Nickayla ကလည်း Ryan ရဲ့ အကူအညီတောင်းမှုကို လက်ခံခဲ့ပြီး အခုဆိုရင်တော့ Nickayla ဟာ Ryan တို့ သားအဖနဲ့ အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ San Fernando Valley မှာ စက်တင်ဘာလ ၆ ရက်နေ့ကတည်းက အတူတူနေထိုင်နေပြီပဲ ဖြစ်ပါတယ်။
“Josey လေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ က ကျွန်တော်တစ်ယောက်တည်း အဆင်မပြေပါဘူး။ နောက်ထပ် မိန်းမတစ်ယောက်လည်း ထပ်မယူချင်တော့ပါဘူး။ ဒါ့ကြောင့် Naya ရဲ့ ညီမဖြစ်သူ Nickayla ကို အကူအညီတောင်းခဲ့တာပါ။ အခုတော့ တော်တော်လေးကို အဆင်ပြေပါတယ်”လို့ Ryan က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw