ကားပါပက်လက်လန်ပြီး မီးလောင်သွားခဲ့တဲ့ ပြိုင်ကားမောင်းသမားရဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်

twitter/NASCARONFOX

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက Great American Race ကားပြိုင်ပွဲမှာ NASCAR ပြိုင်ကားမောင်းသမားတစ်ဦးဟာ Daytona 500 နောက်ဆုံးပန်းတိုင်ရောက်ခါနီးမှာပဲ ကားတိမ်းမှောက်သွားခဲ့ကြောင်း nypost သတင်းစာမျက်နှာအရ သိရပါတယ်။ ပြိုင်ကားမောင်းသူအမျိုးသားက ရိုင်ယန်နယူးမန်းဆိုသူပါ။ နယူးမန်းရဲ့ ကားဟာ လေထဲကိုမြောက်တက်ပြီးပက်လက်လန်ကာ ပြန်အကျမှာ ကားဟာ မီးပါလောင်သွားခဲ့တာ ဖြစ်ပါတယ်။

နာရီအနည်းငယ်အကြာမှာတော့ ပြိုင်ကားမောင်းပြိုင်ပွဲအဖွဲ့က နယူးမန်းဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး အသက်ဆက်ရှင်ဖို့တော့ မျှော်လင့်ရကြောင်း ပြောပြခဲ့ကြပါတယ်။ “နယူးမန်းက အခုလက်ရှိ Halifax Medical Center မှာ ဆေးကုသနေပါတယ်။ အခြေအနေက တော်တော်ပြင်းတယ်။ ဒါပေမယ့် ဆရာဝန်တွေကတော့ နယူးမန်းရဲ့ဒဏ်ရာတွေက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးပြောတယ်။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေရဲ့ နယူးမန်းအပေါ်ထားတဲ့ ဆုတောင်းစကားကို အသိအမှတ်ပြုပါတယ်..”

နယူးမန်းဟာ လက်ရှိပြိုင်ပွဲမှာချန်ပီယံဖြစ်သွားခဲ့တဲ့ ဒန်နီဟမ်လင်းနဲ့ မတိမ်းမယိမ်းသွားနေရာကနေ သူ့ရဲ့ နံပတ်(၆) ကားဟာ ဘေးကနံရံကို တိုက်မိပြီး ပက်လက်လန်သွားခဲ့တာ ဖြစ်ပါတယ်။ ပက်လက်လန်နေတဲ့သူ့ကားကို ကိုရေးလာဂျွိုင်းက ထပ်မံဝင်တိုက်ခဲ့အပြီးမှာတော့ နယူမန်းရဲ့ ကားဟာ လေထဲကိုမြောက်တက်သွားပြီး ကားလမ်းတစ်ဖက်ဘေးရောက်ကာ ကားမီးထလောင်ခဲ့တာ ဖြစ်ပါတယ်။

READ
မော်ဒယ်နပမ်းမယ်များနဲ့ နပမ်းလုံးရတဲ့ လန်ဒန်ကBoxing Gym

ထို့နောက်မှာတော့ အသက် (၄၂) နှစ်ရှိပြီဖြစ်တဲ့ နယူးမန်းကို ပြိုင်ပွဲမှာစောင့်ကြပ်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ မိနစ်အနည်းငယ်လောက်ကြာအောင် ကြည့်ရှုပြီး ဒေသခံဆေးရုံကို ခေါ်သွားခဲ့ကြပါတယ်။ သတင်းဌာနတွေအရ Daytona International Speedway က ၀န်ထမ်းတွေဟာ ကားတိုက်မှုဖြစ်ပြီးနောက်ပိုင်း မြင်ကွင်းကို ပရိသတ်တွေမမြင်တွေ့ရအောင် အကာအကွယ်တွေကာစိုက်ထားခဲ့ကြောင်းလည်း သိရပါတယ်။

 

ပြိုင်ပွဲမှာ ပထမဆုကြီးရရှိသွားတဲ့ ဟမ်လင်းကတော့ နယူးမန်းရဲ့အခြေအနေကို အမြန်ဆုံးသက်သာစေဖို့သာ သူစဉ်းစားနေခဲ့တယ်လို့ ESPN ကို ပြောပြပါတယ်။ လတ်တလောနယူးမန်း ဆေးရုံတက်နေတဲ့အချိန်အတွင်းမှာတော့ သူရရှိထားတဲ့ ဒဏ်ရာ၊ သူ့ကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက သတင်းမထုတ်ပြန်မချင်း ခန့်မှန်းပြီးဝါဒဖြန့်တာတွေမလုပ်ကြဖို့ နယူးမန်းရဲ့ပြိုင်ပွဲအသင်းက တောင်းဆိုထားပါသေးတယ်။

လင်းလင်း (ShweMom)

SHARE