ဇစ်ပြုတ်နေတဲ့ ဂျာကင်ရဲ့ ဇစ်အလွယ်တကူ ပြန်တပ်တဲ့နည်း မျှဝေခဲ့တဲ့ Ryan Reynolds

Twitter/RyanReynolds

ကမ္ဘာကျော်မင်းသားကြီး Ryan Reynolds ကတော့ သူ့ရဲ့တွစ်တာပေါ်မှာ ကြည့်ရှုသူ(၁၄)သန်းအထိ ရှိခဲ့တဲ့ ဗွီဒီယိုဖိုင်အတိုလေး တင်ခဲ့ပါတယ်။ အဲဒီဗွီဒီယိုလေးကတော့ ရိုးရိုးလေးဆိုပေမယ့် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဇစ်ပြုတ်နေတဲ့ ဂျာကင်ကို ဇစ်အလွယ်တကူ ပြန်တပ်ပြခဲ့တာပါ။

Ryan ဟာ ဒီဗွီဒီယိုလေးနဲ့ပတ်သက်ပြီး “ ဒီအတွက် ကျုပ်ဘဝတစ်ခုလုံးနဲ့ချီပြီး စောင့်ခဲ့ရတာ ”လို့ Caption တပ်ခဲ့ပါတယ်။ ဇစ်ကို ပြန်တပ်ဖို့အတွက် ခက်ရင်းဇွန်းတစ်ချောင်းကို ထူးထူးခြားခြား သုံးထားပါတယ်။ ဇစ်ကို အတည့်အတိုင်း ခက်ရင်းဇွန်းရဲ့ အလယ်နှစ်သွားမှာ တပ်ဆင်ပြီး၊ ဂျာကင်ကို ဇစ်အလွယ်တကူ ပြန်တပ်သွားခဲ့တာပါ။

 

ဒီဗွီဒီယိုကို Retweet ပြုလုပ်သူ (241.1)K အထိရှိခဲ့သလို၊ Like ပြုလုပ်သူပေါင်း (၁.၁)သန်းအထိ ရှိခဲ့ပါတယ်။ ပြန်လည် Retweet ပြုလုပ်သူတစ်ဦးကတော့ “ ဒီနည်းက တစ်ခြား ဆယ်လီတွေဆီက ပေါက်တက်ကရ မျှဝေခဲ့တဲ့အရာတွေထက်  ပိုပြီးအသုံးဝင်ပါတယ် … Gwyneth ကတော့ ဟိုနေရာမှာ လိမ်းတဲ့ ခရင်မ်တွေ ဆက်ရောင်းပါစေ …-

Joaquin ကတော့ သူရဲ့ မဖြစ်နိုင်တဲ့ ဟောင်ဖွာဟောင်ဖွာ တောင်စဉ်ရေမရစကားတွေကို ဆက်ထိန်းသိမ်းထားပါစေ … Ryan ကတော့ တန်ဖိုးရှိတာတွေပဲ လုပ်ပြတတ်သူပါ ”လို့ ရေးခဲ့ပါတယ်။ သူကတော့ တစ်ခြားဆယ်လီတွေဟာ လူပြိန်းကြိုက်မယ့်အရာတွေ ပေါက်တက်ကရ မျှဝေနေတာကို ထောက်ပြခဲ့တာပါ။

မှတ်ချက်ရေးသူတစ်ဦးကတော့ “ ဒီနည်းက ဇစ်ကို ပြန်ပွင့်စေနိုင်ပါတယ် … ပြီးတော့ တကယ်ပြန်ကောင်းသွားတာလည်း မဟုတ်ပါဘူး … ဇစ်က ပြန်ပွင့်သွားနိုင်ပြီး အောက်ခြေမှာလည်း ပြန်ပြီးပွင့်ထွက်သွားနိုင်ပါတယ် … ”လို့ ထောက်ပြခဲ့ပြီး၊ အခြားတစ်ဦးကတော့ “ အတိအကျပဲ … ကျွန်တော်လည်း အများကြီး စဉ်းစားတယ် … နည်းနည်းကြာသွားရင် ပြန်ပွင့်သွားတယ် … ဘာက ပိုသေးနေတယ်မသိ … ခြေကုန်လက်ပန်းကို ကျကရော ”လို့ ရေးခဲ့ပါတယ်။

 

အခြားတစ်ဦးကလည်း “ ဟုတ်ပါပြီ .. ဒါပေမယ့် အစွန်းမှာတော့ ပြန်လွတ်ပြီး ကျန်ခဲ့တာပဲလေ … အောက်ခြေက ပြန်ပြီး ကွဲမထွက်ဘူးလား … မှန်မှန်ကန်ကန် ဖြစ်စေချင်တာပါ … တကယ် ပြောတာ ”လို့ ရေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းက အားလုံးတိုင်းနဲ့တော့ အဆင်ပြေမယ်လို့ မထင်ပါဘူး။

နောက်ပြီး Ryan ကိုယ်တိုင်က ထိရောက်မှုကို သေချာ တွေးမထားခဲ့ပုံပါဘဲ။ နောက်ပြီး ခက်ရင်းကို ကိုင်ဖို့ လူတစ်ယောက် လိုမယ်လို့ ယူဆရပါတယ်။ မဟုတ်ရင် ဒါလေးကို လုပ်ဖို့ ခက်ရင်းကို မလှုပ်အောင် တစ်နေရာရာမှာ ငြိမ်အောင် လုပ်ထားဖို့ လိုပါမယ်။ ဒါပေမယ့် ဒီနည်းနဲ့ အဆင်ပြေသွားသူတွေရဲ့ ချီးကျူးသံတွေကလည်း ညံနေပါတယ်။

လင်းသူရိန်

SHARE