ကားပျံတွေ၊ ဒိုင်နိုဆောစက်ရုပ်တွေနဲ့ ဆော်ဒီမှာ တည်ဆောက်မယ့် Neom မြို့တော်

instagram/neomsaudicity

ဆော်ဒီအာရေဗျဟာ နယူးယောက်မြို့ထက် အရွယ်အစား (၃၃) ဆကြီးမားတဲ့ မြို့တော်အကြီးကြီးတစ်ခုကို သဲကန္တာရထဲမှာ တည်ဆောက်လျက်ရှိကြောင်း insider သတင်းအရ သိရပါတယ်။ ဒီမြို့အကြီးကြီး တည်ဆောက်မယ့် ပရောဂျက်ကို Neom လို့ ဆော်ဒီအာဏာပိုင်တွေက အမည်ပေးထားပါတယ်။ မြို့ကြီးဆောက်လုပ်နေတဲ့ နေရာကတော့ ဆော်ဒီအနောက်မြောက်ပိုင်း ပြည်နယ် တာဘုခ်ထဲမှ ပင်လယ်နီကမ်းရိုးတန်းမှာ ဖြစ်ပါတယ်။ Neom မှာတော့ စီရင်စု(၁၆) ခုပါဝင်မှာ ဖြစ်ပါတယ်။ ဆော်ဒီရဲ့ အိမ်ရှေ့စံ မိုဟာမက်ဘင်ဆာလ်မန်ကတော့ Neomကို (၂၀၂၅) ခုနှစ်မှာ အပြီးဆောက်လုပ်မယ်လို့ ဆိုပါတယ်။

Neom ဆိုတာကတော့ ဂရိဘာသာစကား neos ကနေဆင်းသက်လာတာ ဖြစ်ပြီး အာရဗီဘာသာစကားအရ အနာဂတ်လို့ အဓိပ္ဗါယ်ရပါတယ်။ မြို့ဟာ အကျယ်အ၀န်း (၁၀,၂၃၀) စတုရန်းမိုင် ရှိမှာပါ။ ဆော်ဒီဟာ Neom အတွက် ပြည်သူ့ရင်းနှီးမြှုပ်နှံမှူရန်ပုံငွေပေါင်း ဒေါ်လာသန်း(၅၀၀) ကိုလျာထားတဲ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှူငွေ သန်းပေါင်းများစွာလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ Neom ဟာ ဆော်ဒီရဲ့ (၂၀၃၀) ဦးတည်ချက်တွေထဲက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး ဆော်ဒီအနေနဲ့ ရေနံအပေါ်မှီခိုနေမှူကို လျော့ချကာ နိုင်ငံကို နည်းပညာနိုင်ငံရပ်ဝန်းကြီးအဖြစ် အသွင်ကူးပြောင်းဖို့ပဲ ဖြစ်ပါတယ်။

instagram/neomsaudicity

(၂၀၁၇) ခုနှစ်တုန်းကတော့ Neom ဟာ ကမ္ဘာ့အကြီးဆုံးအကြံပေးကုမ္ဗဏီတွေဖြစ်တဲ့ Mc Kinsey & Co, Boston Consulting နဲ့ Oliver Wyman တို့ကို ငှားရမ်းခဲ့ပါတယ်။ Neom မြို့တော်ကြီးမှာတော့ cloud seeding နည်းပညာကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ၄င်းနည်းပညာကတော့ ကန္တာရထဲမှာ သဘာဝထက် ပိုပြီးမိုးရွာသွန်းစေဖို့ တိမ်တိုက်အတုတွေကို ဖန်တီးပြုလုပ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးပေါ်မှာ အဆင့်အမြင့်ဆုံး သင်ကြားနည်းတစ်ရပ်ဖြစ်တဲ့ ဆရာတွေရဲ့ ပုံရိပ်ယောင်တွေကို စာသင်ခန်းတွေမှာ အသုံးပြုတဲ့သင်ကြားနည်းစနစ်ကို လက်ခံကျင့်သုံးမှာ ဖြစ်ပါတယ်။ Neom နဲ့ ပတ်သက်ပြီး နောက်ထပ်ထူးခြားတဲ့ အိုင်ဒီယာတစ်ခုကတော့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် Jurassic Park လိုမျိုး ကျွန်းပြုလုပ်ပြီး စက်ရုပ်ဒိုင်နိုဆောရုပ်တွေလည်း ဖန်တီးပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ညအခါမှာတော့ အလင်းရောင်အတွက် Neom မြို့ပေါ်မှာ ကြီးမားလှတဲ့ လအတုကြီးတစ်ခုကိုလည်း ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

instagram/neomsaudicity

Neom မြို့ကြီးထဲမှာရှိတဲ့လူတွေဟာ ကားပျံတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြို့တည်ရာ ပင်လယ်နီ ကမ်းရိုးတန်းတစ်လျှောက်ကိုလည်း ပြုပြင်ပြောင်းလဲမှူတွေ ပြုလုပ်မှာဖြစ်ပြီး ကမ်းခြေတွေမှာတော့ အမှောင်ထဲ အရောင်တောက်ပတဲ့ သဲတွေကို စိတ်ကူးယဉ်ဆန်ဆန် လှပစွာ ခင်းကျင်းထားမှာ ဖြစ်ပါတယ်။ Neom နည်းပညာမြို့တော်ကြီးနဲ့ ပတ်သက်လို့ အဆင့်() လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီဖြစ်ပြီး လက်ရှိမှာတော့ Neom မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တောင် ပြီးစီးလုနီးဖြစ်နေပြီလို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE