ဒီလိုအစားအသောက်တွေနဲ့ မျက်ကွင်းမညိုအောင် ကာကွယ်ကြမယ်…

Pexels/rawpixel.com

ညဘက်မိုးချုပ်ခံပြီး တီဗီတွေကြည့်တဲ့အခါ မနက်မိုးလင်းရင် ပန်ဒါတစ်ကောင်လိုပဲ မျက်ကွင်းတွေညိုလာတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ဖြစ်စေ၊ စိတ်ဖိစီးမှူများလို့ဖြစ်စေ၊ မကြာခဏအိပ်ရေးပျက်လို့ပဲဖြစ်စေ မျက်ကွင်းတွေ ညိုနေတတ်ပါတယ်။ ဒီလို အကြောင်းတွေထဲမှာမှ အဓိကမျက်ကွင်းညိုရတဲ့ လက်သည်တရားခံကတော့ အစာအာဟာရကြောင့်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့အာဟာရမပြည့်ဝတဲ့အခါ မျက်လုံးနားတစ်ဝိုက်မှာ အနက်ရောင် အ၀ိုင်းတွေ ပေါ်လာတတ်ပါတယ်။ ဒီတော့ မျက်နှာအလှကို ချို့ယွင်းစေတဲ့ မျက်ကွင်းတွေညိုနေတာကို ဘယ်လိုနည်းတွေနဲ့ အလွယ်တကူဖယ်ရှားနိုင်မလဲဆိုတာကိုတော့ indianexpress ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင် အီး

ဗီတာမင်အီးကတော့ အသားအရည်အတွက်ရော၊ ဆံသားအတွက်ပါ ကောင်းတဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။ သူ့မှာလည်း အင်တီအောက်ဆီးဒန့်တွေ ကြွယ်ကြွယ်၀၀ ပါဝင်ပါတယ်။ ဗီတာမင်အီးဟာ အသားအရည်ရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် အရေးအကြောင်းတွေ ဖြစ်ပေါ်တာကိုလည်း လျော့ပါးစေပါတယ်။ နေကြာဆီ၊ ပြောင်းဖူး၊ ဟင်းနုနွယ်နဲ့ ဗာဒံသီးတွေကတော့ ဗီတာမင်အီးကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

Pexels/Pixabay

သံဓာတ်

သံဓာတ်ချို့တဲ့ရင်လည်း မျက်ကွင်းညိုတတ်ပါတယ်။ ပြောရရင်တော့ အရမ်းပင်ပန်းနွမ်းနယ်နေတဲ့အခါ တစ်ရှူးတွေထဲ အောက်ဆီဂျင်ပို့ဆောင်သယ်ယူတာဟာ နှေးကွေးသွားပါတယ်။ ဒီတော့ အသားအရည်ဟာ ဖြူဖတ်ဖြူရော်ဖြစ်လာပြီး မျက်ကွင်းညိုတာက ပိုသိသာထင်ရှားလာတာပဲ ဖြစ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ရွှေဖရုံသီးအစေ့တွေ၊ ပဲတောင့်ရှည်နဲ့ ပဲအမျိုးမျိုးမှာ သံဓာတ်ပါဝင်တာကြောင့် မျက်ကွင်းညိုတာကို သက်သာလျော့ပါးစေဖို့ စားသင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

ဗီတာမင် စီ

ဗီတာမင်စီကို ပေါ့သေးသေးမအောက်မေ့လိုက်ပါနဲ့။ ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအသောက်တွေဟာ အသားအရည်ကို အလွယ်တကူမပျက်စီးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးလည်ပတ်မှူကို တိုးတက်စေသလို ကော်လာဂျင်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ ဗီတာမင်စီပါဝင်တဲ့ အစားအသောက်တွေကို မှီဝဲရင် အသားအရည်ဟာ ပိုမိုတင်းရင်းပြီး ၀င်းပလာပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအသောက်တွေကတော့ မာလကာသီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီးနဲ့ ပန်းဂေါ်ဖီတို့ပဲ ဖြစ်ပါတယ်။

Pexels/picmamba.com

Lycopene

Lycopene ကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် အတော်များများမှာ တွေ့ရတတ်ပါတယ်။ သူက အကျိုးအာနိသင်အရမ်းကောင်းတဲ့ ဓာတ်ပေါင်းတစ်မျိုး ဖြစ်ပါတယ်။ မျက်လုံးကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် သူက အထောက်အပံ့ပေးပါတယ်။ မျက်လုံးနားတစ်ဝိုက်မှာ ဖြစ်နေတဲ့ အနက်ရောင်ကွင်းတွေရဲ့ ရောင်ခြယ်ကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။ Lycopene ပါဝင်တဲ့ သစ်သီးဝလံတွေကတော့ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ဂေါ်ဖီထုပ်နဲ့ သင်္ဘောသီးတို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် ကေ

ဗီတာမင်ကေဟာ အနာကျက်မြန်စေတဲ့အစွမ်းရှိတဲ့အပြင် ပျက်စီးနေတဲ့အသားအရည်ကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ နေ့တိုင်း ဗီတာမင်ကေပါတဲ့ အစားအသောက်တစ်မျိုးမျိုးကို ပုံမှန်စားသုံးမယ်ဆိုရင်တော့ မျက်ကွင်းတွေညိုနေတာကို တာ့တာပြနိုင်ပါလိမ့်မယ်။ သလဲသီး၊ ပန်းဂေါ်ဖီနဲ့ ခရမ်းချဉ်သီးတွေမှာတော့ ဗီတာမင်ကေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အခုဖော်ပြပေးထားတာကတော့ အာဟာရသိပ္ဗံပညာရှင်ကြီး Avni Kaul က အကြံပြုထားတဲ့ မျက်ကွင်းညိုတာကို အစားအသောက်နဲ့ ပျောက်ကင်းစေမယ့် နည်းလမ်းတွေပဲ ဖြစ်တာကြောင့် မျက်ကွင်းညိုလို့ စိတ်အနှောင့်အယှက်ဖြစ်နေကြတဲ့ စာဖတ်သူတို့အတွက် အကျိုးရှိစေဖို့အလို့ငှာ ဖော်ပြပေးလိုက်ရပါတော့တယ်။

လင်းလင်း (ShweMom)

SHARE