
တိုးတက်လာတဲ့ခေတ်ကြီးမှာ ယောကျာ်းလေးနဲ့ မိန်းကလေးဆိုပြီး ကျားမခွဲခြားမှုတွေ မရှိတော့ပါဘူး။ ယောကျာ်းလေးတွေ လုပ်တဲ့ အလုပ်တော်တော်များများကို မိန်းကလေးတွေ လည်း လိုက်လုပ်နေကြပြီဖြစ်သလို မိန်းကလေးတော်တော်များများဟာ ယောကျာ်းလေးတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်တဲ့ ခေတ်ကို ရောက်ရှိနေပါပြီ။ ဒါ့ကြောင့်လည်း စပိန်နိုင်ငံက စာသင်ကျောင်းတစ်ကျောင်းဟာ သူတို့ကျောင်းမှာရှိတဲ့ ယောက်ျားလေးတိုင်းကို အိမ်ရှင်မတွေလုပ်လေ့လုပ်ထရှိတဲ့ အိမ်မှုကိစ္စများကို တက်ကျွမ်းနိုင်အောင်အတွက် ကျောင်းစာသင်ခန်းတွေမှာ အိမ်မှုကိစ္စတွေလုပ်နိုင်ဖို့အတွက် သီးသန့်အချိန်တစ်ချိန်ပေးပြီး နေ့စဉ်လေ့ကျင့်သင်ကြားပေးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါစာသင်ကျောင်းကတော့ စပိန်နိုင်ငံ၊ Vigo မြို့ရှိ Colegio Montecastelo အမည်ရှိ အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ အဆိုပါကျောင်းဟာ တစ်ခြားစာသင်ကျောင်းတွေလိုပဲ ကျောင်းသူကျောင်းသားတွေကို စာသင်ပေးပေမယ့် တစ်ခြားစာသင်ကျောင်းတွေနဲ့ မတူတဲ့ အတန်းတစ်တန်းတော့ရှိပါတယ်။ အဲဒါကတော့ နေ့စဉ်ကျောင်းရှိ ကျောင်းသားတွေကိုပဲ သီးသန့် အိမ်မှုကိစ္စတွေပဲ သင်ကြားပေးတဲ့ ပရိုဂရမ်ပဲ ဖြစ်ပါတယ်။


အဆိုပါ ပရိုဂရမ်ထဲမှာ ကျောင်းသားတွေဟာ အိမ်မှုကိစ္စတွေဖြစ်တဲ့ မီးပူတိုက်ခြင်း၊ အိမ်သန့်ရှင်းရေး၊ ထမင်းဟင်းချက်ပြုတ်ခြင်း၊ အဝတ်ချုပ်ခြင်း အစရှိတာတွေကို သင်ကြားပေးနေခြင်းပဲ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေကြားမှာလည်း အဆိုပါသင်ကြားရေးနဲ့ ပတ်သတ်ပြီး အငြင်းပွားလျက်ရှိပြီး ထောက်ခံတဲ့ လူတွေလည်း ရှိသလို လုံးဝမထောက်ခံတဲ့ လူတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ ဒီလုပ်ငန်းတွေဟာ ယောက်ျားလေးတွေအနေနဲ့ တက်ထားသင့်တဲ့ ပညာတွေဖြစ်ကြောင်း၊ အိမ်မှုကိစ္စတွေဆိုတာ ဒီဘက်ခေတ်မှာ အမျိုးသမီးတွေပဲ လုပ်ရတာမဟုတ်ကြောင်း အစရှိသဖြင့် ထောက်ခံခဲ့ကြသလို တစ်ချို့တွေကျပြန်တော့လည်း ဒီလိုအိမ်မှုကိစ္စတွေဟာ ယောကျာ်းလေးတွေနဲ့ မအပ်စပ်တဲ့ အလုပ်တွေသာဖြစ်ကြောင်း၊ လုံးဝတတ်မြောက်ဖို့ မလိုကြောင်း အစရှိသဖြင့် ဝေဖန်ခဲ့ကြပါတယ်။


“ကျွန်မတို့အနေနဲ့ကတော့ ဒီအိမ်မှုကိစ္စတွေဟာ အမျိုးသမီးတွေပဲ ပုံသေလုပ်ရမယ့် အလုပ်တွေ မဟုတ်ဘူးဆိုတာ သိအောင်ပြောပြချင်တာပါ။ ယောကျာ်းလေးတွေအနေနဲ့လည်း ဒီအရွယ်ကတည်းတတ်မြောက်ထားရင် အိမ်မှာ သူ့တို့ရဲ့အမေတွေကို ဝိုင်းပြီး ကူညီနိုင်ပါတယ်။ ဒီဘက်ခေတ်မှာ အမျိုးသမီးတွေလည်း ယောကျာ်းလေးတွေနီးတူ အပြင်မှာ စီးပွားထွက်ရှာနေကြပါပြီ။ အဲဒီအမျိုးသမီးတွေကျတော့ အိမ်အလုပ်တွေကော၊ အပြင်အလုပ်တွေပါ လုပ်နေရမှာလား။ ယောကျာ်းလေးတွေအနေနဲ့ အိမ်မှုကိစ္စတွေကို တက်မြောက်ထားရင် တစ်ဖက်တစ်လမ်းကနေ သူတို့ရဲ့ အမျိုးသမီးတွေကို ဝိုင်းကူညီနိုင်ပါတယ်”လို့ အဆိုပါကျောင်းမှ ဆရာမတစ်ယောက်က ပြောကြားခဲ့ပါတယ်။
Posted by Colegio Montecastelo on Wednesday, October 10, 2018
Pyi Hein Kyaw