ကလေးတွေ ကျောင်းနောက်ကျရင် မိဘတွေကို ဒဏ်ရိုက်ဖို့ ပြင်ဆင်နေတဲ့ မူလတန်းကျောင်း

Facebook/Denise Gibbs-Naguar

Holy Trinity C of E Primary လို့အမည်ရတဲ့ မူလတန်းကျောင်းက ကျောင်းအာဏာပိုင်တွေဟာ ကျောင်းနောက်ကျတဲ့ ကလေးတွေရဲ့ မိဘတွေကို နောက်ကျတဲ့မိနစ်တိုင်းမှာ ဒဏ်ငွေတပ်ဖို့ စီစဉ်နေတယ်လို့ Metro သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဆိုပါကျောင်းမှာ ဒီစည်းကမ်းတွေကို ကျောင်းသားမိဘတွေသိဖို့ ပြဋ္ဌာန်းဖို့ရှိပါတယ်။ နောက်ကျတဲ့ တစ်မိနစ်တိုင်းကို ဒဏ်ငွေတစ်ပေါင်အထိ တပ်ဖို့ ပြင်ဆင်နေတာပါ။

ဒါပေမယ့် ကျောင်းသားမိဘတွေက ဒီကိစ္စကို အပြင်းအထန် ဝေဖန်ခဲ့ပြီး၊ ရွံစရာကောင်းတဲ့ အစီအစဉ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ကျောင်းအုပ်အနေနဲ့ မိဘတွေကို ကုန်ကျစာရိတ် မတက်တက်အောင် စီမံနေတာလို့လည်း စွပ်စွဲခဲ့ကြပါတယ်။ အဆိုပါ ကျောင်းဟာ အင်္ဂလန်နိုင်ငံ Gravesend မြို့က Kent ဒေသမှာ တည်ရှိပါတယ်။

အဲဒီကျောင်းတာဝန်ရှိသူတွေက အခုအစီအစဉ်က ကျောင်းမကြာခဏ နောက်ကျခြင်းကို ဟန့်တားဖို့ရန်အပြင် ကျောင်းနောက်ကျတဲ့ကလေးတွေကို စောင့်ကြပ်ဖို့ တာဝန်ချခြင်းခံတဲ့ဆရာ/မတွေကို ပေးရမယ့်ကုန်ကျစာရိတ်ကိုပါ ကာမိစေမှာဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

Facebook/Denise Gibbs-Naguar

အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးကတော့ ဒီအစီစဉ်ကိုကြားပြီးနောက် “တုန်လှုပ်သွားခဲ့တယ်”လို့ ပြောပါတယ်။ မိဘတစ်ဦးကတော့ Gravesend နယ်မြေဟာ ဆင်းရဲသားရပ်ကွက်ဖြစ်ပြီး၊ ကလေးတွေရဲ့ ကုန်ကျစာရိတ် အပိုမြင့်မားလာမှုအတွက် မိဘတိုင်း အလုပ်တစ်ခု မယ်မယ်ရရရှိဖို့ ဒါမှမဟုတ် အလုပ်ပိုလုပ်ဖို့ မလွယ်ဘူးလို့ ပြောပါတယ်။

နောက်ပြီး ကျောင်းကြိုကျောင်းပို့ချိန် လမ်းကြောကြပ်ချိန် တူညီနေတာကြောင့် ကျောင်းနဲ့နည်းနည်းဝေးတဲ့ မိဘတွေအနေနဲ့ ကလေးကို ကျောင်းအချိန်မီ ကြိုပို့နိုင်ဖို့ မလွယ်ကူဘူးလို့ အကြောင်းပြခဲ့ပါတယ်။ After school club ကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက အကောင်အထည်ဖော်ခဲ့ပေမယ့် ငွေလုံလုံလောက်လောက် မရလို့ဆိုပြီး ပိတ်ခဲ့ပါသတဲ့။

Facebook/Denise Gibbs-Naguar

နောက်ပြီး ညနေ(၄)နာရီမှ ကလေးတွေကို ကျောင်းလာမကြိုဘူးဆိုရင် အရပ်ဘက်ဝန်ဆောင်မှုနဲ့ အိမ်ပြန်ပို့ပေးမှာဖြစ်ကြောင်း၊ ဒီမှာလည်း ကုန်ကျစာရိတ်တွေက ပိုပြီး ထွက်လာနိုင်ပါတယ်။ ဒီလို မမျှတတဲ့ စည်းကမ်းကို ဒေသခံအစိုးရက တွန်းအားပေး ဖယ်ရှားလိမ့်မယ်လို့ ယုံကြည်ကြောင်း မိဘတစ်ဦးက ပြောပါတယ်။

ကျောင်းအုပ် Denise Gibbs-Naguar ကတော့ The Late Collection of Pupils Policy အစီအစဉ်က အခုအပတ်မှာ စတင်ကျင့်သုံးတာဖြစ်ခြင်းကြောင်း၊ ဒီသတ်မှတ်ချက်တွေထဲမှာ ကျောင်းသားတွေအားလုံး ကျောင်းချိန်မီရေး သတ်မှတ်ပြဋ္ဌာန်းထားပြီးသားလို့ ပြောခဲ့ပါတယ်။ ဒီလို လုပ်ရခြင်းဟာ ကျောင်းသားတစ်ဦးချင်းစီသာမက တစ်ကျောင်းလုံးအတွက် အကျိုးကျေးဇူးတွေ ရမှာဖြစ်ကြောင်း Naguar က ကာကွယ်ပြောကြားခဲ့ပါတယ်။

လင်းဇော်ကို

SHARE