မျက်နှာအမူအရာကို ကြည့်ပြီး စိတ်ခံစားမှုကိုဖတ်လို့ မရကြောင်း သိပ္ပံပညာရှင်များပြောကြား

Imdb/PrettyLittleLiars

လူတစ်ယောက်ရဲ့ မျက်နှာရိပ်၊ မျက်နှာကဲကို ကြည့်ပြီး အဲဒီလူ ဘယ်လိုဖြစ်နေတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာမျိုးကို ကျွန်တော်တို့အားလုံး မှန်းဆလေ့ရှိပါတယ်။ လူတစ်ယောက် ပြုံးပျော်နေတဲ့ အမူအရာကို ကြည့်ပြီး အဲဒီလူဟာ ပျော်ရွှင်နေတယ်လို့ ယေဘုယျသတ်မှတ်ထားနိုင်ပြီး စိတ်မကောင်းဖြစ်နေတဲ့ အမူအရာကို ကြည့်ပြီး စိတ်ထိခိုက်စရာတစ်ခုခုကို ခံစားနေရတယ်လို့ ယူဆကြပါတယ်။

တကယ်တော့ ဒီလို မျက်နှာပေါ်က အမူအရာတွေကို ကြည့်ပြီး စိတ်ခံစားမှုကို ဖမ်းဆုပ်ပြီး ပြောဆိုနေတာဟာ မှားယွင်းနေကြောင်းကို သိပ္ပံပညာရှင်များက ဖော်ထုတ်ခဲ့ကြပါတယ်။ မျက်နှာပေါ်က ကြွက်သားတွေရဲ့ ပြောင်းလဲလှုပ်ရှားမှုနဲ့ စိတ်ခံစားချက်တချို့ကို သုတေသနပြုလုပ်ပြီးချိန်မှ အခုလို ဖော်ထုတ်လာတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်များဟာ မျက်နှာပေါ်က ကြွက်သားတွေ ပြောင်းလဲလှုပ်ရှားမှုတချို့ဟာ လူတွေရဲ့ အတွင်းစိတ်ခံစားမှုနဲ့ ဆက်စပ်နေတယ်လို့ သိရှိထားခဲ့ကြပါတယ်။

အခုတော့ သိပ္ပံပညာရှင်များဟာ ပြောင်းလဲသွားတဲ့ မျက်နှာအမူအရာဟာ လူတွေရဲ့ စိတ်ထဲမှာဖြစ်ပျက်နေတဲ့ စိတ်ခံစားချက်ကို ကိုယ်စားမပြုဘူးလို့ သက်သေပြခဲ့တာပါ။ ဒီလို မျက်နှာကြွက်သားနဲ့ စိတ်ခံစားမှုကြားက ဆက်နွယ်ချက်တချို့ကို သုတေသနပြုလုပ်ခဲ့သူတစ်ယောက်ဖြစ်တဲ့ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်က ပါမောက္ခAleix Martinezကတော့ “ကျနော်တို့ဟာ မျက်နှာရဲ့ သွင်ပြင်လက္ခဏာကို ကြည့်ပြီး စိတ်ခံစားတွေကို အစစ်အမှန်ဖော်ထုတ်ပြနိုင်ပြီလား။ အဖြေကတော့ ရှင်းပါတယ်။ နိုးပါပဲ။”

Imdb/BigLittleLies

“ပြုံးပျော်နေတဲ့ လူတိုင်းက မပျော်ရွှင်နိုင်ဘူး။ လူတိုင်းကလည်း ပျော်ရွှင်နေတဲ့ အပြုံးတွေ မရှိကြဘူး။ တကယ်လို့ ခင်ဗျားသာ တစ်နေကုန်ပျော်ရွှင်နေတယ်ဆိုရင် လမ်းတစ်လျှောက်လုံး မျက်နှာ ပြုံးနေပြီး လမ်းလျှောက်နေမှာမဟုတ်ဘူး။ ခင်ဗျား ပျော်နေတယ်ဆိုတာ သိရုံပဲ”

“တချို့တွေကတော့ မျက်နှာအမူအရာကို ကြည့်ပြီးတော့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိလား မရှိဘူးလားဆိုတာမျိုးကို တောင်းဆိုတတ်ကြတယ်။ ဒါမှမဟုတ် ကျောင်းသားတစ်ယောက်ဟာ စာသင်ခန်းထဲမှာ စာလိုက်နေတာ စိတ်ပါလား မပါလားဆိုတာကို မျက်နှာအမူအရာကို ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။ ဈေးဝယ်သွားတဲ့တစ်ယောက်က ပစ္စည်းဝယ်ပြီးနောက်မှာ စိတ်တိုင်းကျလား မကျလားဆိုတာကို မျက်နှာအမူအရာကြည့်ပြီး ဆုံးဖြတ်ကြတယ်။ အခု ကျနော်တို့ ပြုလုပ်ထားတဲ့ သုတေသနဆိုတာ အဲဒီလို ကိစ္စရပ်တွေဖြစ်ရပ်တွေက ပေါက်ကရလေးဆယ်လျှောက်ပြောနေတာဖြစ်တယ်လို့ သက်သေပြနိုင်ခဲ့တယ်” 

“မျက်နှာအမူအရာကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ဖတ်လို့မရဘူး။ မှားယွင်းသွားနိုင်တယ်။ ပြီးတော့ အန္တရာယ်လည်း များနိုင်တယ်”

စမ်းသပ်မှုတစ်ခုမှာတော့ သိပ္ပံပညာရှင်များက လူတစ်ယောက်ရဲ့ မျက်နှာတစ်စိတ်တစ်ပိုင်း ဓာတ်ပုံကို ဖျက်ထုတ်ထားပြီး အဆိုပါ လူရဲ့ စိတ်ခံစားမှုကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။

ပါမောက္ခကတော့ လူတွေက အဲဒီမျက်နှာအစိတ်အပိုင်းဓာတ်ပုံကို ကြည်ပြီး ဒီလူကတော့ သိပ်ကိုစိတ်အနှောင့်အယှက်ပေးနိုင်တဲ့ လူပဲလို့ တွေးကြတယ်။ ဒါပေမယ့် အဲဒီမျက်နှာရဲ့ မျက်နှာပြည့်ဓာတ်ပုံကို ပြလိုက်ချိန်မှာတေည့ သူတို့က ဘောလုံးသမားတစ်ယောက် ဂိုးရှူးသွားနိုင်လို့ အောင်ပွဲခံနေတဲ့ လူတစ်ယောက်ရဲ့မျက်နှာကို မြင်ရတယ်”လို့ သူ့ရဲ့ သက်သေအပေါ်မှာ ပြောဆိုခဲ့တာပါ။

ပါမောက္ခMartinez ကတော့ ဒီလို စိတ်ခံစားမှုနဲ့ မျက်နှာအသွင်အပြင် မကိုက်ညီမှုဟာ အနာဂါတ်အတွက် စိတ်ပူပန်စရာ ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

Ye Yint Kyaw

SHARE