အလွန် အင်အားပြင်းထန်တဲ့ ငလျင်ဒဏ်ခံရဖို့ရှိနေတဲ့ ဂျပန်က ကမ္ဘာ့အကြီးဆုံးမြို့ကြီး

YouTube/AbcNews

မြို့ပြဧရိယာကနေ တိုင်းထွာရင် ကမ္ဘာ့အကြီးဆုံးမြို့တော်လို့ သတ်မှတ်ခံထားရတဲ့ တိုကျိုမြို့ကြီးမှာ လူဦးရေ (၃၈)သန်းအထိ နေထိုင်ကြပါတယ်။ အခုဆိုရင် တိုကျိုမြို့နေလူထုဟာ အနာဂတ်မှာ ကျရောက်လာနိုင်တဲ့ ရာပြည့်ငလျင်အတွက် အတော်လေး ထိတ်လန့်နေကြပါတယ်။ ဒီလူဦးရေအတိုင်းသာ အင်အားပြင်း ငလျင် ခံလိုက်ရမယ်ဆိုရင် မလွယ်ပါဘူး။

(၁၉၂၃)ခုနှစ်မှာ တိုကျိုမြို့ဟာ အင်အား (၇.၉)အဆင့်ရှိ ငလျင်ဒဏ်ကို ခံခဲ့ရပြီး၊ လူပေါင်း (၁၀၅၀၀၀)ကနေ လူပေါင်း (၁၄၂၀၀၀)လောက်အထိ သေဆုံးခဲ့ရတယ်လို့ အကြမ်းဖျဉ်းတွက်ချက်ထားပါတယ်။ အခုလည်း ငလျင်ဘေး ကြုံခဲ့မယ်ဆိုပါက မတွေးရဲစရာ ပမာဏအထိ လူတွေ ထိခိုက်နိုင်ခြေရှိပြီး၊ သိန်းဂဏန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်ခြေရှိပါတယ်။

အဲဒီတုန်းက ဖြစ်ခဲ့တဲ့ကပ်ဆိုးဟာ နေ့လည်စာမတိုင်မီမှာ ရောက်လာခဲ့တာဖြစ်ပြီး၊ တစ်ချို့ဆို ချက်ရင်းပြုတ်ရင်းနဲ့တန်းလန်း နေအိမ်တွေ မီးကူးစက်လောင်ကျွမ်းပြီး အရှင်လက်လက် မီးလောင်ခဲ့တာပါ။ နှစ်(၁၀၀)မှာ တစ်ကြိမ် ငလျင်ဒဏ်ခံရနိုင်တယ်ဆိုတဲ့ တွက်ကိန်းက တကယ်လို့ နှစ်(၁၀၀)ပြည့်လို့ ဖြစ်မလာရင်ကောဆိုတဲ့ မေးခွန်းတွေ ရှိခဲ့ပါတယ်။

Strathclyde University တက္ကသိုလ်မှ ဒေါက်တာ John Douglas က တကယ်လို့ ခန့်မှန်းတဲ့အတိုင်း ဖြစ်မလာရင် နောက်ထပ် နှစ်(၃၀)အတွင်းမှာ ဖြစ်နိုင်ခြေရှိကြောင်း ဆိုပါတယ်။ ဂျပန်ငလျင်သုတေသီတွေကတာ့ လာမယ့်သုံးနှစ်အတွင်းမှာ ငလျင်လှုပ်ခြင်း သို့မဟုတ် ငလျင်လှုပ်ခြင်းနဲ့ ဆက်စပ်နေတဲ့ မြေပြင်လှုပ်ခြင်းတွေ ဖြစ်နိုင်တယ်လို့ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

Strathclyde University

ဂျပန်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် တော်တော်များများကတည်းက အဆောက်ဦတွေ ဆောက်လုပ်တဲ့အခါ ငလျင်ဒဏ်ခံနိုင်ရည်ကို ထည့်သွင်းတွက်ချက် တည်ဆောက်ခဲ့ကြပါတယ်။ နောက်ပြီး နိုင်ငံသားတွေကိုလည်း သဘာဝဘေးအန္တရာယ်တွေကို ကောင်းစွာဖြေရှင်းဖို့ ကောင်းစွာ လေ့ကျင့်သင်ကြားပေးထားပါတယ်။ နောက်ပြီး သတ်မှတ်ချက်နဲ့ ဆောက်လုပ်တဲ့ နောက်ပိုင်းအဆောက်ဦတွေဟာ ငလျင်ဒဏ်ကို အပြည့်အဝမဟုတ်တောင် သင့်တော်သော ခံနိုင်ရည်တွေ ရှိကြပါတယ်။

(၂၀၁၈)ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တုန်းကလည်း ဟော့ကိုင်ဒိုကျွန်း၊ အာဘီရာမြို့အနီးမှာ အင်အားပြင်းထန်တဲ့ ငလျင် လှုပ်ခဲ့ပါသေးတယ်။ ယခုနှစ် နွေရာသီမှာ တိုကျိုအိုလံပစ်ပွဲတော်အတွက် နိုင်ငံခြားသားတွေ သန်းနဲ့ချီပြီး ရောက်လာဦးမှာပါ။ ဂျပန်ကျည်ဆံရထားတွေကိုလည်း သဘာဝကပ်ဘေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီတဲ့။

ဂျပန်ဟာ (၂၀၁၁)တုန်းကလည်း သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အင်အား (၈.၉)အဆင့်ရှိ တိုဟိုကူငလျင်ကြောင့် ဆူနာမီဒဏ်ခံခဲ့ရပြီး၊ လူပေါင်း ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။ ငလျင်နဲ့ သဘာဝဘေးအန္တရာယ်ကြီးတွေအတွက် ကြိုတင်ကျင့်သားရနေခဲ့တာတောင်မှ သေဆုံးသူ (၁၅,၈၉၉)ဦး၊ ပင်လယ်ထဲမှာ (၂)ဦး သေဆုံးစာရင်း ဝင်ခဲ့ပြီး၊ (၂၅၂၉)ဦး ပျောက်ဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူစာရင်းကတော့ (၆၁၅၇)ဦး ဖြစ်ခဲ့ပါတယ်။ အဆိုပါနေ့ကို ဂျပန်ရဲ့ X-Day နေ့လို့တောင် သတင်းစာတွေက အမည်ပေးခဲ့ပါတယ်။

တိုကျိုတက္ကသိုလ်မှ ဘူမိရူပဗေဒအငြိမ်းစားပါမောက္ခ ဒေါက်တာရောဘတ်ဂယ်လာက ဂျပန်အစိုးရသည် ငလျင်အချို့ကို ကြိုတင်ဟောကိန်း ထုတ်နိုင်တယ်ဆိုတဲ့အချက်ကို  အပြင်းအထန် ဝေဖန်ခဲ့ဖူးပါတယ်။ ဒေါက်တာရောဘတ်ဂယ်လာရဲ့ အဆိုအရ နည်းပညာပိုင်း ဘယ်လောက်ပဲ တိုးတက်ပါစေ ငလျင်ကို ရေတိုပဲဖြစ်ဖြစ် ရေရှည်ပဲဖြစ်ဖြစ် ကြိုတင်ခန့်မှန်းခြင်းဟာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

လင်းသုတ

SHARE