အမေဇုံသစ်တော အနှစ်(၅၀)အတွင်း ကွယ်ပျောက်သွားနိုင်လို့ စိုးရိမ်နေတဲ့ ပညာရှင်များ

WikimediaCommons

ပြီးခဲ့တဲ့နှစ်ကတွေကပဲ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ အမေဇုံသစ်တောကြီးဟာ သဘာဝအန္တရာယ်ကိုသာမက၊ လူတွေ သစ်ခိုးထုတ်တဲ့အန္တရာယ်တွေကိုလည်း ကြောက်ရွံ့နေရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်မှာ သစ်တောတွေရဲ့ အဆိပ်စုပ်ယူမှုစွမ်းအားပိုင်း အနှစ်(၃၀)လောက်အတွင်း ဆိုးဆိုးရွားရွား ကျဆင်းလာခဲ့လို့၊ ကမ္ဘာကြီးရဲ့ ဂေဟစနစ် ဆိုးရွားစွာ ထိခိုက်နေပြီလို့ ထောက်ပြခဲ့ပါတယ်။

အခုလည်း လာမယ့် အနှစ်(၅၀)မှာ အမေဇုံသစ်တောကြီးဟာ ကမ္ဘာမြေကနေ အရှင်းပျောက်ကွယ်သွားမယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အမေဇုံသစ်တောကြီးဟာ မကြာမီမှာ ဆဗနားမြက်ခြောက်ခင်းကြီးလို အလျှံတညီးညီးနဲ့ ကြောက်စရာအခြေအနေကို ဖန်တီးလိမ့်မယ်လို့ CNA က ဆိုပါတယ်။

ဒီအကြောင်းကို ပြီးခဲ့တဲ့ မတ်လ(၁၀)ရက်၊ အင်္ဂါနေ့က Nature Communications ဂျာနယ်မှာ ဖော်ပြထားတာပါ။ ဒီတွက်ချက်မှုကို သဘာဝပတ်ဝန်းကျင်(၄၀)ရဲ့အချက်အလက် စာရင်းဇယားအမှန်တွေကို အခြေခံပြီး၊ Computer simulation ပုံစံ ဖန်တီးခဲ့တာပါ။ ဒါ့အပြင် သိပ္ပံပညာရှင်တွေဟာ အဓိကဂေဟဗေဒစနစ်တွေကိုလည်း လေ့လာခဲ့ပါတယ်။

တွေ့ရှိချက်မှာတော့ အလွန်လှပတဲ့ ကာရစ်ဘီယံရဲ့ ရေအောက်သန္တာကျောက်တန်းတွေဟာ (၁၅)နှစ်အတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမေဇုံသစ်တောကြီးဟာ ဆဗနားမြက်ခင်းပုံစံ ဂေဟဗေဒစနစ်ကို အချိန်တိုအတွင်း ရောက်သွားနိုင်တယ်ဆိုတဲ့အချက်ဟာ မှန်လာနိုင်စရာ အကြောင်းရှိပါတယ်၊

ဆဗနားမြက်ခင်းပုံစံ ဂေဟစနစ်ဆိုတာ မြက်ရိုင်းတွေနဲ့ သစ်ခြောက်ပင်တွေ ရောထွေးနေသဘောမျိုးကို ပြောလိုတာပါ။ ကာရစ်ဘီယံရဲ့ စကွဲကီလိုမီတာ (၂၀၀၀၀)အကျယ်အဝန်းအတွင်းက ဗေဒစနစ်ကလည်း ထိုနည်းတူစွာပဲ အမြန်ဆုံးနည်းနဲ့ ပျောက်ကွယ်သွားမှာပါ။ ကမ္ဘာကြီးဟာ ရှိရင်းစွဲ သဘာဝတရားတွေကို နှစ်စဉ် ဆုံးရှုံးနေရာက ဘေးထွက်ဆိုးကျိုးတွေ ပိုတိုးလာခဲ့ပါတ်။

သဘာဝတရားကြီးဟာ သစ်တောပြုံးတီးခြင်းနဲ့ လေထုညစ်ညမ်းခြင်းတွေကြောင့် အတော်လေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရပါတယ်။ ဒီလိုပဲ သိပ္ပံပညာရှင်တွေအနေနဲ့ အခုပြောတဲ့အတိုင်းသာ ဖြစ်လာခဲ့ရင် ကမ္ဘာကြီးအဖို့ ဘယ်လောက် ဆိုးဆိုးရွားရွား ပြစ်ဒဏ်တွေ ခတ်ခံရမလဲဆိုတာ ကြိုတင်တွေးဆလို့ မရနိုင်သေးပါဘူးတဲ့။

ပညာရှင်တစ်ဦးဖြစ်တဲ့ ပါမောက္ခ John Dearing က သာမန်သစ်တောထက် အဆ(၁၀၀)ပိုကြီးတဲ့ သစ်တောတစ်ခုဟာ ပြုံးတီးဖို့ သာမန်ထက်နှေးကွေးမှာ ဆိုသော်လည်း၊ အချိန်ရဲ့အဆ(၁၀၀)အထိ ကြာရှည်ခံမှာ မဟုတ်ကြောင်း ဆိုပါတယ်။ ဆိုရရင် သစ်တောငယ်တစ်ခု ပြုံးတီးဖို့ တစ်နှစ်သာ အချိန်ယူရမယ်ဆိုရင်၊ အဲဒီသစ်တောထက် အဆ(၁၀၀)ပိုကြီးတဲ့ သစ်တောတစ်ခုပျက်ဆီးဖို့ အနှစ်(၁၀၀)အထိ အချိန်ယူစရာမလိုဘဲ အချိန်အနည်းငယ်အတွင်း ပျက်စီးနိုင်တယ်ဆိုတဲ့သဘောပါ။

အခုဆိုရင် သဘာဝသစ်တောတွေ ပြုန်းတီးမှုကြောင့် ကမ္ဘာကြီးရဲ့ပူနွေးမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အမေဇုံရဲ့သစ်တောမျက်နှာပြင် (၃၅)%အထိ ကျဆင်းသွားဖို့ရှိနေပြီး၊ ဒါဟာ သစ်တောတစ်ခုလုံး ပျက်ယွင်းဖို့အတွက် ကြောက်စရာကောင်းတဲ့ လမ်းစဖြစ်ကြောင်း ဆိုပါတယ်။

(၁၉၇၀)ခုနှစ်တုန်းက အမေဇုံမိုးသစ်တောကြီးဟာ နိုင်ငံ(၇)ခုစာအထိ ကျယ်ပြန့်ခဲ့ပြီး၊ စကွဲကီလိုမီတာအားဖြင့် (၅)သန်းကျော်အထိ ရှိခဲ့ရာမှ အခုဆိုရင် အဲဒီဧရာမသစ်တောကြီးရဲ့ ဧရိယာဟာ (၂၀)%အထိ ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ ပါမောက္ခ John ပြောသလို နောက်ထပ် ရာခိုင်နှုန်းတွေ လျှင်မြန်စွာတိုးလာဖို့ဆိုတာ အချိန်သိပ်မယူရတဲ့အတွက်၊ အနှစ်(၅၀)အတွင်း အမေဇုံသစ်တောကြီး ပျက်သုဉ်းဖို့ဆိုတာ ဖြစ်တန်ခြေရှိနေပါတယ်။

လင်းဇော်ကို

SHARE