ငါးဈေးထဲဝင်လာပြီး လူတွေဆီက စိတ်ရှည်ရှည်နဲ့အစာတောင်းခဲ့တဲ့ ပင်လယ်ဖျံကြီး

Youtube/Animal Welfare Organisation

ငါးဈေးတစ်ခုထဲဝင်ပြီး လူတွေဆီက အစာတောင်းနေခဲ့တဲ့ ပင်လယ်ဖျံကြီးတစ်ကောင်ရဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ  လူကြည့်များနေတာကို Boredpanda အွန်လိုင်းကနေ သိရပါတယ်။ ဗီဒီယိုထဲမှာတွေ့ရတဲ့ တောင်အမေရိက ပင်လယ်ဖျံကြီးဟာ ဈေးထဲကို ဘယ်လိုရောက်လာခဲ့သလဲဆိုတာတော့ မသိရပါဘူး။

ပင်လယ်ဖျံကြီးတွေက ငါးတွေကို ကိုယ်တိုင်ရှာဖွေဖမ်းစားလေ့ရှိပါတယ်။ ဒါပေမယ့် အခုတွေ့မြင်ရတဲ့ ဖျံကြီးကတော့ ကိုယ်တိုင်တောင် ငါးအရှာမထွက်နိုင်ပဲ သူ့မျက်စိရှေ့မှာတင် ငါးတွေကို မြင်နေရတာကြောင့် လူတွေဆီကနေ ငါးတောင်းဖို့ ဈေးထဲမျက်စိလည်လမ်းမှားရောက်ခဲ့ဟန် တူပါတယ်။

Youtube/Animal Welfare Organisation

ဖျံကြီးဟာ ငါးတွေကို မြင်ပြီး သွားရည်ကျနေပုံပါပဲ။ လူတွေနားမှာရပ်ပြီး သူ့ကို ကျွေးနိုးနိုးနဲ့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့တာပါ။ ဒီအချိန်မှာ လူတစ်ယောက်က သူ့ကို ငါးတစ်ကောင်ပစ်ပေးလိုက်တာနဲ့ ဖျံကြီးက ချက်ခြင်းပဲ ကောက်ဝါးလိုက်ပါတယ်။ သူ့ကို ငါးတစ်ကြိမ်ပစ်ကျွေးခဲ့ပေမယ့် ဖျံကြီးဟာ နေရာကနေ မသွားနိုင်သေးပါဘူး။ နောက်ထပ် ငါးများထပ်ကျွေးဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားစွာ စောင့်နေသေးတာကိုလည်း တွေ့ရမှာပါ။

READ
ကြောင်ကလေးတွေရဲ့ ဂွတီးဂွကျ ကမောက်ကမ ဓာတ်ပုံလေးများ

တကယ်တမ်းတော့ ပင်လယ်ဖျံကြီးတွေဟာ ငါးဖမ်းသမားတွေနဲ့ မတည့်ပါဘူး။ ငါးဖမ်းသမားတွေ ဖမ်းလာတဲ့ငါးတွေဆိုရင် လစ်ရင်လစ်သလို ခိုးစားပစ်တဲ့အတွက် ငါးသူခိုးတွေလို့ နာမည်ကျော်ပါတယ်။ ဖျံကြီးကို ကြည့်ရတာတော့ ဗိုက်ဆာပုံရနေပေမယ့်လည်း အခြားဖျံတွေလို ခိုးမစားပဲ လူတွေဆီက အလိုက်တသိနဲ့ တောင်းစားတာကို ကြည့်ပြီး ဖျံလိမ္မာကြီးတစ်ကောင် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရတာပါပဲ။

လင်းလင်း(ShweMom)

SHARE