မိသားစုထဲမှာအငယ်တွေဟာ ပြဿနာပိုရှာတတ်သူတွေဖြစ်ကြောင်းတွေ့ရှိရ

မိသားစုတစ်စုမှာသားဦး၊ သမီးဦးတွေဟာ မွေးချင်းညီအကိုမောင်နှမတွေထက် ပိုပြီးဥာဏ်ရည်ထက်မြက်ကြတယ်လို့ လေ့လာချက်တစ်ခုကဆိုပါတယ်။ အခုတဖန်လေ့လာချက်အသစ်မှာတော့ အငယ်တွေဟာဆိုးသွမ်းနိုင်ခြေပိုများကြောင်း Joseph Doyle အမည်ရတဲ့ MIT စီးပွားရေးပါရဂူတစ်ဦးကဆိုထားပါတယ်။

သူကတော့ မိသားစုထဲမှာ အငယ်တွေဟာ ကျိန်စာသင့်ခံထားရတဲ့ ကလေးတွေလိုပါပဲလို့ဆိုပါတယ်။ အထူးသဖြင့် အငယ်တွေဟာ ယောက်ျားလေးတွေသာဖြစ်ခဲ့ရင် သူတို့ရဲ့ အကိုကြီး၊ အမကြီးတွေအပေါ်မှာ ပုန်ကန်လိုစိတ်ပိုရှိကြကြောင်းသိရပါတယ်။ အမေရိကန်နဲ့ ဥရောပတခွင်မှာ ညီအကိုမွေးချင်းဦးရေ ထောင်နဲ့ချီပြီးသုတေသနပြုစစ်တမ်းကောက်ခဲ့ကြပါတယ်။ ညီငယ်ဦးရေ (၂၅) ရာခိုင်နှုန်းကနေ (၄၀) ရာခိုင်နှုန်းလောက်ဟာ ကျောင်းမှာပြဿနာဆိုးဆိုးဝါးဝါး ရှာတတ်သူတွေဖြစ်ပြီး ဥပဒေကိုလည်း အလေးမထားသူတွေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

လေ့လာချက်တစ်ခုအရ သားသမီးအကြီး၊အငယ်ပေါ်မူတည်ပြီး မိဘတွေရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံ ကွာခြားပါတယ်။ ဥပမာအားဖြင့် သားဦးတွေဟာမိဘတွေဆီကနေ ဂရုစိုက်မှုကို အပြည့်အ၀ရရှိကြပါတယ်။ ဒါပေမယ့် အငယ်တွေကတော့ သူ့တို့ကိုလည်းဂရုစိုက်မှုလိုချင်တဲ့အတွက် အကြီးတွေနဲ့ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ မိသားစုကအသိုက်အ၀န်းကြီးလာလေလေ မွေးချင်းညီအကိုမောင်နှမတွေကြားထဲက ဆက်ဆံရေးကလည်း တဖြည်းဖြည်းပြောင်းလဲလာလေလေပါပဲ။

READ
(၂၀၂၂) မှာတွေ့ရမယ့် ကုန်းရေနှစ်သွယ် သွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်

သားဦးသမီးဦးတွေက လူကြီးတွေကိုသူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ်ထားရှိပြီး အငယ်တွေကတော့ သူတို့ရဲ့ အကိုကြီး၊အမကြီးတွေကိုမှီခိုပြီး စံထားကြတယ်လို့လည်းသိရပါတယ်။ မိဘတွေကလည်း သားသမီးတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရတာ ကလေးတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ အကြီးဆိုလည်း အကြီးဆုံးမို့အားကိုးပြီး မျက်နှာသာပေးတာရှိတတ်သလို အငယ်တွေဆိုလည်း သနားလို့၊ ဆိုးလို့ဆိုပြီး အလိုလိုက်ချစ်တတ်ကြတာပါပဲ။ ဒါပေမယ့်လည်း ဒီလေ့လာချက်ကိုဖတ်ပြီး အငယ်တွေတိုင်း ဆိုးသွမ်းကြတယ်လို့ မပြောနိုင်ပါဘူး။ လူတစ်ယောက်က ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပေးတယ်၊ မပေးဘူးဆိုတာ မိဘတွေရဲ့ အုပ်ချုပ်ကွပ်ကဲနိုင်မှုနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွေအပေါ်မှာလည်း အများကြီးမူတည်နေပါသေးတယ်။

လင်းလင်း (ShweMom)

Source: countryliving

SHARE